မဲခေါင်၊ ဧပြီ ၂၃
စစ်မှုထမ်းသက် ပြည့်ပြီးသော်လည်း တပ်မှထွက်ခွင့်မရသဖြင့် ထွက်ပြေးသွားသည့် “ဝ”လူငယ် ၃ ဦးနေရာတွင် အစားထိုးရန် ၎င်းတို့၏ ဖခင် ၃ ဦးကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖမ်းဆီးသွားခဲ့ရာ ၂ ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ထိုသို့ ဖခင် ၂ ဦးကို ပြန်လွှတ်ပေးသော်လည်း ကျန်တစ်ဦးကို ဆက်လက် ဖမ်းဆီးထားသည့်အပြင် အသက်မပြည့်သေးသည့် အမျိုးသမီးကလေးငယ်တစ်ဦးကိုပါ ထွက်ပြေးသွားသည့် အစ်ကိုနေရာတွင် အစားထိုး စစ်မှုထမ်းရန် MNDAA က ဖိအားပေးလုပ်ဆောင်နေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့နယ်ရှိ “ဝ”ကျေးရွာဖြစ်သည့် ကောင်းကော်ရွာသစ်တွင် တပ်ပြေးသွားသည့် “ဝ”လူငယ် ၃ ဦးနေရာ၌ အစားထိုးရန်အသက် ၆၀ အရွယ် ရှိပြီဖြစ်သည့် ၎င်းတို့၏ ဖခင်များကို MNDAA က ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး ဧပြီ ၂၀ ရက်တွင် ၂ ဦးကို ပြန်လွှတ်ပေးခြင်း ဖြစ်သည်။
“ထွက်ပြေးသွားတဲ့ သူတွေရဲ့ အဖေ ၂ ဦးကိုတော့ ပြန်လွှတ်ပြီ တစ်ဦးကတော့ အစားထိုးလာမှ လွှတ်ပေးမယ်လို့ ပြောတယ်။ ပြီးတော့ ထွက်ပြေးသွားတဲ့ထဲက တစ်ယောက်ရဲ့ ညီမကိုလည်း အစ်ကိုအစားထိုး လာရမယ်ဆိုပြီး ဖိအားပေးနေတယ်။ အဲ့ကလေးမက အသက်မပြည့်သေးဘူး ၁၆ နှစ်လောက်ပဲရှိသေးတယ်၊ ကျောင်းလည်း တက်နေသေးတဲ့ ကျောင်းသူလည်း ဖြစ်တယ်။ ကျောင်းပြီးမှ ခေါ်ဖို့ တောင်းပန်တာလည်း ကိုးကန့်တပ်က လက်မခံဘူး”ဟု ဖြစ်စဉ်ကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် အမျိုးသမီးငယ်မှ အစားထိုးမဝင်ပါက အဖေဖြစ်သူကို ပြန်ဖမ်းမည်ဟု MNDAA က ခြိမ်းခြောက်နေပြီး အမျိုးသမီးငယ်၏ အစ်မဖြစ်သူသည်လည်း ကိုးကန့်တပ်ဖွဲ့၏ ပညာရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သဖြင့် ပြန်လည်စဉ်းစားပေးစေလိုကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။
“အဲ့ကလေးမရဲ့ အစ်မက ကိုးကန့်တပ်ဖွဲ့ ပညာကဏ္ဍမှာ ကျောင်းဆရာမ လုပ်နေပြီ၊ ပြီးတော့ သူ့အစ်ကိုကလည်း သတ်မှတ်ထားတဲ့အတိုင်း ၃ နှစ်ပြည့်အောင် တာဝန်ထမ်းဆောင်ပြီးပြီ၊ အဖွဲ့အစည်းဘက်က ကတိအတိုင်း ထွက်ခွင့်မပေးလို့ ထွက်ပြေးသွားတာလေ။ ညီမဖြစ်သူကိုတော့ စစ်မှုထမ်းကင်းလွတ်ခွင့် ပေးသင့်တာပေါ့” ဟု ၎င်းက ပြောသည်။
ထို့အတူ ကွမ်းလုံတွင် တာဝန်မထမ်းဆောင်လိုသဖြင့် ထွက်ပြေး တိမ်းရှောင်ကြသည့် “ဝ” လူငယ် ၁၅ ဦးထက်မနည်းရှိနေပြီး အချို့မှာ အချုပ်ကျကာ ညှင်းပန်းနှိပ်စက် ခံရသူများလည်း ရှိသည်ဟု “ဝ”ဒေသတွင်း သတင်းဌာနဖြစ်သည့် WNL ကဖော်ပြထားသည်။
#MeKongNews
#MNDAA
#တပ်ပြေး
#ဖခင်များ
#ပြန်လွှတ်
#အမျိုးသမီးငယ်








