မဲခေါင်၊ ဧပြီ ၂၂
ရှမ်း – ကရင်နီနယ်စပ်မှ တော်လှန်ရေးတပ်ဖွဲ့များအား စုစည်းကာ အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲ နယ်) တပ်ပေါင်းစုအနေဖြင့် ဖွဲ့စည်းသတ်မှတ်လိုက်ကြောင်း အမှတ်(၁) အယ်လ်ဖာ စစ်ဒေသမှ ယမန်နေ့ ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ယင်းအမှတ် (၁) အယ်လ်ဖာ စစ်ဒေသ (မိုးဗြဲနယ်) ဖွဲ့စည်းခြင်းအခမ်းအနားကို တော်လှန်နယ်မြေ ၂ နေရာတွင် ဧပြီ ၂၀ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တပ်ပေါင်းစုဖွဲ့စည်းနိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ညီလာခံတစ်ရပ် ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ တပ်ပေါင်းစု ဖွဲ့စည်းလိုက်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) တပ်ပေါင်းစုတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဗျူဟာအမှတ် (၁) နှင့် အမှတ် (၈) တို့ အပါအဝင် ရှမ်းတောင် – ကရင်နီနယ်စပ် မိုးဗြဲဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တပ်ရင်း၊ တပ်ဖွဲ့အချို့နှင့် LPDF တပ်ရင်းအချို့တို့ဖြင့် စုဖွဲ့ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အယ်လ်ဖာစစ်ဒေသ၏ လှုပ်ရှားနယ်မြေမှာ ရှမ်း – ကရင်နီနယ်စပ်ရှိ ဖယ်ခုံ နှင့် မိုးဗြဲဒေသပင်လောင်းနယ်စပ် နှင့် ပေါင်းလောင်းနယ်စပ် နေပြည်တော်ကောင်စီနယ်မြေ (အနောက်ဘက်ခြမ်း) အထိ လွှမ်းခြုံထားသည်။
#MeKongNews
#ရှမ်းတောင်
#ကရင်နီနယ်စပ်
#တော်လှန်ရေးအင်အားစု
#အယ်လ်ဖာစစ်ဒေသ








