မဲခေါင်၊ ဧပြီ ၂၁
တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်လိုက်ပြီး စစ်ဘက်ဆိုင်ရာ ရာထူးများကို အပြောင်းအရွှေ့လုပ်လိုက်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်များအရ သိရသည်။
ကာကွယ်ရေးဝန်ကြီးဖြစ်သွားသည့် ယခင် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်နေရာတွင် ဒုလေချုပ် ဗိုလ်ချုပ်ကြီး ထွန်းဝင်း ရာထူးတက်လာသလို ကျန်နေရာများမှာ ယခုတပ်ချုပ်၏ အစီအမံများသာ ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုသည်။
“ခုကတည်းက လူရွေး နေရာပေး ပြီး အနာဂတ်တပ်ချုပ်အတွက် စ လူမွေးတာပေါ့လေ။ ဒီထဲမသိရတာက ကလော တပ်မ ၅၅ က အရင်လူ ဘာဖြစ်သွားလဲ မသိရတာပဲ။ ပြုတ်လား၊ ထောင်ချခံတာလား တစ်ခုခုပဲ”ဟု ၎င်းက ပြောသည်။
ပြောင်းရွှေ့သည့် စစ်ဘက်နေရာများမှာ အရာရှိချုပ်(လေ) မှ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ဗိုလ်မှူးချုပ်မြင့်သူနိုင် (စီမံဌာနကြီးမှူး)အား ဒုစရခချုပ်၊ မိုင်းနောင် စကခ ၂ စကခမှူး ဗိုလ်မှူးချုပ်ဇော်မင်းဦးအား စစ်ဆေးတက္ကသိုလ် – DSMA ကျောင်းအုပ်ကြီး၊ လွိုင်ကော် ဒကစမှူး ဗိုလ်မှူးချုပ်အောင်ကျော်ခိုင်အား နတခတိုင်းမှူး၊ စကခ – ၇ စကခမှူးအား နပခတိုင်းမှူး၊ နတခတိုင်းမှူးအား တပခတိုင်းမှူး၊ တပခတိုင်းမှူး ရတခတိုင်းမှူး၊ မိုင်းဖြတ် စကခ – ၈ စကခမှူးက တခရ(ဘုရင့်နောင်) ကျောင်းအုပ်ကြီးတို့ ဖြစ်ကြသည်။
၎င်းပြင် လက်ထောက်စစ် ထောက်ချုပ်က တွဲဖက်စစ်ထောက်ချုပ်၊ တမခ – ၂၂ တမမှူးမှ လွိုင်ကော် ဒကစမှူး၊ စကခ – ၆ ဒုတပ်မမှူးက အမှတ် – ၇ စကခမှူး၊ တမခ ၂၂ ဒုတပ်မမှူးက စကခ – ၁၈ တပ်မှူး၊ဒုတမခ – ၄၄ ဒုတပ်မမှူးက တမခ – ၅၅ တပ်မှူး၊ တနင်္သာရီနယ်လုံအား စကခ – ၈ တပ်မှူးအဖြစ်သို့ ရာထူးတိုး ခန့်အပ်လိုက်ကြောင်း သိရသည်။
ယင်းသို့ စစ်ဘက်ဆိုင်ရာ ရာထူးများ ပြောင်းလဲမှုက စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်လာမည် ဖြစ်သဖြင့် တော်လှန်ရေးတပ်များအနေဖြင့် အထူးသတိပြုရန် လိုအပ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်ခွင်သို့လည်း လားရှိုးရမခ၏ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ် (စတသ ၄၄) ဦးစီးသည့် ခလရ -၂၂ (ဆိုက်ခေါင်)၊ ခမရ ၂၉၁ (နမ့်ပေါင်)၊ ခလရ -၂၄၁ (ကွတ်ခိုင်) တို့ကို ရှမ်းပြည်အရှေ့ပိုင်း စကခ – ၁၄ လက်အောက်ခံတပ်များနေရာသို့ အစားထိုး ပြောင်းလဲပို့ဆောင်ထားခဲ့ကြောင်း သိရသည်။
#MeKongNews
#လေတပ်ဦးစီးချုပ်
#ဗိုလ်ချုပ်ကြီး
#ထွန်းဝင်း
#တပ်ချုပ်အသစ်
#စစ်ဘက်ရာထူး








