မဲခေါင်၊ ဧပြီ ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်အတွင်း အင်းတိန်ချောင်းနှင့် ဟဲယာရွာမကျေးရွာများတွင် ရေခန်းလာမှုကြောင့် စက်လှေသွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
ယခင်က လှေများ သွားလာရ လွယ်ကကူခဲ့သည့် လမ်းကြောင်းများတွင် ယခုအခါ သဲသောင်များ ပေါ်လာပြီး ရေတိမ်နေရာများ များပြားလာသဖြင့် လှေသွားလာမရသော နေရာများ တိုးလာနေကြောင်း သိရသည်။
“အရင်လို လှေမသွားနိုင်တော့ဘူး၊ ရေတိမ်ပြီး ရွှံ့တွေများလာတော့ လှေတောင် မထိုးနိုင်တော့ဘူး။ သွားလာရေးက အတော်ခက်နေပြီ”ဟု အင်းတိန်ဒေသခံတစ်ဦးက ပြောသည်။
ဟဲယာရွာမဘက်တွင်လည်း နုန်းမြေများ တက်လာခြင်းကြောင့် တချို့နေရာများမှာ ကုန်းဖြစ်သွားပြီး လှေဖြင့် သွားလာမရတော့သဖြင့် ကုန်းလမ်းမှ ပတ်သွားနေရကြောင်း သိရသည်။
“တချို့နေရာတွေက ရေလုံးဝမရှိတော့ဘူး။ လှေနဲ့ မသွားနိုင်တော့လို့ ကုန်းဘက်က ပတ်သွားရတာ အချိန်ပိုကုန်ပြီး အလုပ်တွေလည်း ထိခိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခု အခြေအနေကြောင့် ဒေသခံများသည် စက်လှေများ အသုံးမပြုနိုင်တော့ဘဲ သွားလာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ထို့ပြင် လက်ရှိ ရေခန်းနေသော်လည်း မိုးရာသီတွင် ရေကြီးရေလျှံ ဖြစ်နိုင်ခြေရှိနေသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်းလည်း သိရသည်။
#MeKongNews
#အင်းလေး
#အင်းတိန်ချောင်း
#ရေခန်း
#ဒေသခံများ
#အခက်ကြုံ








