မဲခေါင်၊ ဧပြီ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့အထွက်တွင် နယ်မြေစိုးမိုးရေးဟုဆိုကာ ဆောင်ရွက်နေသည့် PNO ပြည်သူ့စစ်အဖွဲ့ဝင်အချို့က ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များထံမှ ဓားပြတိုက်သကဲ့သို့ ငွေကြေးအဓမ္မတောင်းခံနေကြောင်း PNO သတင်းရင်းမြစ်များ ထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက် ညနေပိုင်းက တောင်ကြီး-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ ကားတစ်စီးအား တရားမဝင်ကုန်စည်များ တင်ဆောင်လာသည်ဟုဆိုကာ ကလောမြို့အထွက် မြင်းကရွာတွင် ဖမ်းဆီးကာ ကားနှင့်ကုန်ပစ္စည်းများကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ်သိန်းရာချီ တောင်းခံခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသည့် PNO သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ပထမက သိန်း ၅၀၀ တောင်းတာ၊ နောက်ဆုံး သိန်း ၁၇၀ နဲ့ တည့်သွားတယ်။ သူတို့လုပ်တာက PNO ရဲ့ နာမည်ကို ထိခိုက်စေတယ်။ အဲဒီအဖွဲ့ကို သွားပြောတော့လည်း သူတို့က ရှေ့တန်းမှာ တိုက်နေရတာဖြစ်လို့ လာမပြောနဲ့လို့ ပြန်ပြောတယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
ယင်းကဲ့သို့ အဓမ္မငွေတောင်းခံမှုမှာ အခြားကုန်တင်ကား နှစ်စီးတွင်လည်း ဖြစ်ပွားခဲ့ပြီး တစ်စီးလျှင် ငွေကျပ်သိန်း ၅၀ စီ တောင်းယူခဲ့ကြောင်း PNO သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းသို့ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များထံမှ ငွေတောင်းခံသည့် ကိစ္စကို PNO အချင်းချင်းကြား၌လည်း ကြေလည်မှု မရှိကြောင်း သိရသည်။
ယာဉ်များအနေဖြင့် နယ်စပ်မှဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို တောင်ကြီးမြို့မှတစ်ဆင့် တင်ဆောင်လာစဉ် တရားမဝင်ကုန်စည်ဟု အကြောင်းပြကာ ယခုကဲ့သို့ ငွေကြေးတောင်းခံခံရခြင်းဖြစ်ပြီး PNO အုပ်ချုပ်ရေးပိုင်းမှ ယင်းလုပ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် အထူးကြပ်မတ်ရန် လိုအပ်နေကြောင်း ဒေသခံများက ထောက်ပြပြောဆိုနေကြသည်။
#MeKongNews
#PNO
#ပြည်သူ့စစ်
#ကုန်တင်ယာဉ်
#ကလောမြို့
#မြင်းကရွာ








