မဲခေါင်၊ ဧပြီ ၁၆
မဲခေါင်မြစ်အတွင်းရှိ နုန်းအနည်အနှစ်များတွင် အာဆင်းနစ် – Arsenic ပါဝင်မှုနှုန်းမှာ ဘေးအန္တရာယ်ရှိသော အဆင့်ထက် ၉ ဆခန့် ပိုမိုမြင့်မားကာ တစ်ကီလိုဂရမ်လျှင် ၂၉၆ မီလီဂရမ် (296 mg/kg) အထိ ရှိနေကြောင်း တွေ့ရှိရပြီးနောက် ပညာရှင်များက သတိပေးချက်များ ထုတ်ပြန်လိုက်ကြသည်။
အဓိက စိုးရိမ်ရသည့်အချက်မှာ မဲခေါင်မြစ် အပါအဝင် မြစ်အတော်များများတွင် လူကို အန္တရာယ်ဖြစ်စေသည့် သတ္တုဓာတ်များ – Heavy Metals ကို တွေ့ရှိနေရခြင်း ဖြစ်သည်။
လက်ရှိတွင် ရေမှော်များ၊ ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ဆန်နှင့် မြစ်ပုစွန်များတွင် အဆိပ်အတောက်များ ကူးစက်နေပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားပြီး ယင်းအဆိပ်အတောက်များသည် အစာကွင်းဆက်မှတစ်ဆင့် လူသားများထံသို့ ရောက်ရှိလာနိုင်သည်။
ထို့ကြောင့် ဒေသခံများအနေဖြင့် ထိခိုက်မှုရှိသော နေရာများမှ ငါးများနှင့် ရေအောက်ကြမ်းပြင်တွင် နေထိုင်သော ရေနေသတ္တဝါများကို စားသုံးခြင်းမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။
အထူးသဖြင့် ရွှေတြိဂံဒေသအနီးတွင် အခြေအနေ ပိုမိုဆိုးရွားလာနေပြီး အရေးတကြီး အရေးယူဆောင်ရွက်မှုမရှိပါက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ “ကပ်ဘေး” တစ်ခု ဖြစ်လာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။
လက်ရှိတွင် အာဏာပိုင်များအနေဖြင့် ပြည်သူလူထုထံသို့ ရှင်းလင်းသော သတိပေးချက်များ ထုတ်ပြန်ရန်၊ စောင့်ကြည့်စစ်ဆေးမှုနှင့် ပွင့်လင်းမြင်သာမှုကို ပိုမိုအားကောင်းစေရန်အပြင် ညစ်ညမ်းမှုဖြစ်ပွားရာ ရင်းမြစ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ရန် တောင်းဆိုမှုများ မြင့်တက်လာနေသည်။
Ref: Khaosod English
#MeKongNews
#မဲခေါင်မြစ်
#အာဆင်းနစ်
#သဘာဝပတ်ဝန်းကျင်
#ကပ်ဘေး
#ရွှေတြိဂံဒေသ








