မဲခေါင်၊ ဧပြီ ၁၁
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် နှစ်စဥ်ကျင်းပမြဲ ရှမ်းရိုးရာသင်္ကြန် စည်တော်ပို့ပွဲကို သင်္ကြန်အကျနေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတ်မှတ်ထားသော အစီအစဉ်အရ ဧပြီ ၁၃ ရက်တွင် စည်တော်တင် အခမ်းအနား ပြုလုပ်မည်ဖြစ်ပြီး ဧပြီ ၁၄ ရက်တွင် စည်တော်နှင့် သင်္ကြန်မင်းပို့ အခမ်းအနားများ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
ယင်းပွဲတော်ကို လွန်ခဲ့သည့် အေဒီ ၁၄၁၀ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပြီး ယခုနှစ်ဆိုလျင် နှစ်စဥ်ကျင်းပလာသည်မှာ နှစ်ပေါင်း ၆၁၅ နှစ်ဆက်တိုက် ရှိပြီဖြစ်ကြောင်း သိရသည်။
“မနှစ်က စစ်ကိုင်းငလျင်ကြောင့် ပြည်သူတွေသေကြေ ပျက်စီးနေကြတာကို စာနာနားလည်မှုနဲ့ အကျဥ်းရုံးပဲ လုပ်ခဲ့ကြရတာ၊ ဒီနှစ်တော့ ဟိုးအရင်နှစ်တွေလိုဖြစ်မယ် ထင်ရပေမယ့် ဆီအခက်အခဲကြောင့် လမ်းလျှောက်သင်္ကြန် လုပ်မှာဆိုတော့ စည်တော့ စည်နိုင်ပါတယ်”ဟုကျိုင်းတုံ၊ နောင်ကုန်ရပ်နေသူတစ်ဦးက ပြောသည်။
ထိုအစဥ်အလာကို ယင်းကာလက ကျိုင်းတုံကို အုပ်ချုပ်သည့် စော်ဘွားကြီး ကျောက်မထုလက် ထက် ၃ နှစ် ဆက်တိုက် မိုးခေါင်ရေရှား ဖြစ်ရာမှ သီးနှံဖွံ့ဖြိုး အေးချမ်းစေရန် ရည်ရွယ်ပြီး သိကြားမင်းရုပ်တုကို ထုလုပ်ပူဇော်၊ နန္ဒဘေရီ အမည်ရှိ ဆုတောင်းပြည့် စည်တော်ကို တီးခတ်ကာ မိုးခေါ်ဖားရုပ်တုကို ရေချခြင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
#MeKongNews
#ကျိုင်းတုံ
#ရှမ်းသင်္ကြန်ရိုးရာ
#စည်တော်ပို့ပွဲ
#ကျင်းပ








