မဲခေါင်၊ ဧပြီ ၁၀
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမြဲတစေ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခဲ့သည် လာမည့် ဧပြီ ၂၁ ရက်တွင် ၁၂ နှစ် ပြည့်ပြီဖြစ်၍ ယနေ့ ဧပြီ ၁၀ ရက်မှ ၂၁ ရက်အထိ ၁၂ ရက်တာအကျဥ်းစံ အပြာရောင်ထောင်ဝတ်စုံဝတ် လှုပ်ရှားမှု Blue Shirt Campaign ကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုက အွန်လိုင်းနှင့် မြေပြင်များတွင် ပြုလုပ်သွားမည်ဟု နိုင်ငံရေးအဖွဲ့အစည်း ၃၀ က ထုတ်ပြန်သည်။
ထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တကွ နိုင်ငံရေးအကျဉ်းသားများအား လုံးဝ လွတ်မြောက်ရေးနှင့် အရေးတော်ပုံ အောင်နိုင်ရေးအတွက် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးသည် ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအထိ အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ရာ ယင်းလှုပ်ရှားမှုတွင် ပြည်သူလူထုအားလုံး အနေဖြင့် တစ်ခဲနက် ပါဝင်ကြရန် ၎င်းအဖွဲ့အစည်းများက အလေးအနက် တိုက်တွန်းသည်။
ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုအားလုံးမှ အကျဉ်းထောင်များအတွင်း မတရား ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် အပြာရောင်အဝတ်အစား (Blue Shirt) များ ဝတ်ဆင်၍ ရိုက်ကူးထားသည့်ပုံ (သို့မဟုတ်) ဗွီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မျှဝေခြင်း၊ မျှဝေရာတွင် ကမ်ပိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့်အတူ သတ်မှတ်ထားသည်များ အသုံးပြုခြင်း၊ မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက်များအား ဖိတ်ခေါ်၍ ကမ်ပိန်းတွင် ပါဝင်စေခြင်းတို့ဖြင့် ပူးပေါင်း ပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အမှန်တော့ စစ်အာဏာရှင် ရှိနေသ၍ ပြည်သူအားလုံးဟာ အကျဥ်းသားတွေပါ။ အကျဥ်းထောင်ထဲနဲ့ အပြင်ပဲ ကွာပါတယ်၊ အာဏာရှင် စနစ်နဲ့ စစ်အုပ်စုကို တွန်းလှန်ရိုက်ချိုးနိုင်မှသာ လွတ်မြောက်ကျမှာပါ။ ဆရာဦးဝင်းတင်ဟာ သူအသက်ရှင်စဥ်ကနေ ကွယ်လွန်သည်အထိ မလွတ်မြောက်သေးဘူးလို့ ခံယူရင်း Blue Shirt ဝတ် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေး သူရဲကောင်းပါ” ဟု အထက်မြန်မာပြည် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။
ယင်းတိုက်တွန်းနှိုးဆော်ချက်ကို ၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)၊ နွေဦးတမာန် -နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (NOTM)၊ ထောင်ဝင်စာပို့ကြမယ် (ကလေးမြို့)၊ မြန်မာ့အကျဉ်းထောင်သက်သေ (MPW)၊ နိုင်ငံရေးအကျဉ်းသားများ တရားမျှတမှုကွန်ရက် (JNPP)၊ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ ပဲခူးယူနစ်ဖက်ဒရယ်အင်အားစု (BUFF)၊ Politics for Women Myanmar၊Loveurcontent Entertainment၊ အမျိုးသမီးမဟာမိတ်အင်အားစု (WAB)၊ New Myanmar Foundation (NMF)၊ Women Lead Resource Center (WLRC)၊ Magway Region Human Rights Network (MHRN)၊ Youth Empowerment (YE)၊ Generation Wave၊ သမိုင်းသယ်ဆောင်သူများ၊ Yangon Deaf Group (YDG)၊ မြန်မာနိုင်ငံ သူနာပြု သားဖွားသင်တန်းကျောင်းများ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (SULMNMTS)၊ သူနာပြုသင်တန်းကျောင်းမန္တလေးကျောင်းသားများသမဂ္ဂ (NTS_MDYSU)၊ Anti-junta Forces Coordination Committee – Mandalay၊ ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီ၊ People Movement Platform Myanmar၊ Burma Fact Check Community (FNCC)၊ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၊ Defend Myanmar Democracy – DMD၊India For Myanmar (I4M)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)တို့က ပူးပေါင်းပါဝင် တိုက်တွန်း နှိုးဆော်ကြခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် မတရား စစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီ ၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် မတရား အာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့် ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀၈၅၄ ဦးရှိရာ ယင်းဖမ်းဆီးခံရသူများ အနက်မှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ ၁၄၃၁၉ ဦးနှင့် အတည်ပြုရန် လိုအပ်ဆဲ ၇၈၈၉ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်က ဆိုသည်။
#MeKongNews
#ဟံသာဝတီ
#ဦးဝင်းတင်
#ကွယ်လွန်ခြင်း
#BlueShirtCampaign








