မဲခေါင်၊ မတ် ၆
မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ ဒုံပုံးရွာမှ သား အဖ ၂ ဦး အပါအဝင် ဒေသခံပြည်သူ ၃ ဦးသည် မတ် ၄ ရက်တွင် ကျွဲသွားရှာမှ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်၏ ဖမ်းဆီးခြင်းခံရပြီး ၂ ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
ဒုံပုံးရွာသားများဖြစ်သည့် ခွန်သိန်းပေနှင့် ၎င်း၏သား ခွန်ထွန်းဟန်နှင့် ခွန်အငယ် ၃ ဦးတို့သည် မတ် ၄ ရက်တွင်တောထဲလွှတ်ထားသည့် ကျွဲကို သွားရှာရာမှ ပနားပန်ကျေးရွာ အနီးအရောက်တွင် PNO ၏ ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ၎င်းတို့ ၃ ဦးအ နက် ခွန်သိန်းပေ အသက် ၄၀ နှစ်နှင့် ခွန်အငယ် အသက် ၂၀ နှစ်တို့ကို အဖမ်းခံရသည့် မတ် ၄ ရက် နံနက် ၁၁ နာရီခန့်တွင်ပင် PNO က သေနတ်ဖြင့် ၄ ချက်စီပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒုံပုံးဒေသခံတစ်ဦးက ပြောသည်။
ခွန်သိန်းပေ၏သား ခွန်ထွန်းဟန် အသက် ၁၄ နှစ်ကိုမူ ကျပ် ၂၈ သိန်းဖြင့် PNO ထံမှ ပြန်လည်ရွေးယူကာ လွတ်မြောက်လာခဲ့သည်ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
“ဒီဘက်က တစ်ရွာလုံး ကျွဲတွေကို အဲ့လိုမျိုး လွှတ်ထားတာပါ။ အလုပ်ရာသီ ရောက်ခါနီးမှ ပြန်ရှာပြီး ရွာကို ပြန်မောင်းလာတာ သူတို့ ၃ ယောက်ကလည်း သူတို့ကျွဲသွားရှာရင်း ပနားပန်ကျေးရွာအနီးမှာပဲ PNO နဲ့တွေ့တော့ အဖမ်းခံရတာ၊ ပစ်သတ်ခံရတဲ့ ၂ ယောက်ရဲ့အလောင်းလည်း အခုထိ ပြန်မရသေးဘူး။ သိန်းပေသား ထွန်းဟန်ကတော့ ၂၈ သိန်းနဲ့ ပြန်ရွေးရတာ သူကတော့ ရွာကို ပြန်ရောက်ပြီ” ဟု ဒုံးပုံးဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် PNO သည် ဒုံပုံးရွာသားများ ပိုင်ဆိုင်သည့် ကျွဲများကိုလည်း ပစ်ခတ်သတ်ဖြတ် စားသောက်လျက်ရှိရာ လက်ရှိအချိန်ထိ ပစ်သတ်ခံရသည့် ကျွဲ ၄ ကောင်ရှိပြီဖြစ်ကြောင်းလည်း သတင်းရင်းမြစ်ကပြောသည်။
ဒေသခံ ပြည်သူလူထုများ ပစ်သတ်ခံရသည့် ကိစ္စကို PNO က တာဝန်ယူခြင်း မရှိသဖြင့် ပြည်သူများမှ ဟိုနမ့်ရှိ PNO စစ်ဒေသမှူး ဦးဆိုင်ဖဆီ တိုင်ကြားထားကြောင်းလည်း သိရသည်။
“ဗိုလ်မှူးဆိုင်ဖဆီလည်း တိုင်ထားတာ ဘာမှ တာဝန်မယူသေးဘူး။ ဒုံပုံးရွာက စစ်ဖြစ်တဲ့နေရာလည်း မဟုတ်ဘူး။ အဲဒါကို ဒီလိုမျိုး ပြည်သူကို ပစ်သတ်တာကျ ပြည်သူအပေါ် တအား အနိုင်ကျင့်လွန်းတယ်ဗျာ” ဟု ဒုံပုံး ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မောက်မယ်မြို့ နယ်၊ ကဒူးကြီးဒေသကို ထိုးစစ်ဆင်လာပြီးနောက်ပိုင်း ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် သတ်ဖြတ်ခြင်းများ မကြာခဏ ကျူးလွန်လျက်ရှိသည်။
#MeKongNews
#မောက်မယ်
#ပြည်သူ
#PNO
#ဖမ်းဆီး








