မဲခေါင်၊ ဖေဖော်ဝါရီ ၁၉
တာချီလိတ်မြို့မှ အမျိုးသမီးငယ်တစ်ဦး သေဆုံးသည့် အမှုတွင် အမျိုးသမီးငယ်ကို စစ်ဆေးတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ထွက်သွားသည်ကို နောက်ဆုံးတွေ့ခဲ့ရကြောင်း သေဆုံးသူနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
သေဆုံးသူအမျိုးသမီးငယ်၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၆ ရက်ညပိုင်းက တာချီလိတ်မြို့ပတ်လမ်းတစ်နေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက်မိသားစုများက ဟောင်လိတ်ရဲစခန်းတွင် လူပျောက်သွားတိုင်သည့်အခါတွင် တိုက်ဆိုင်စစ်ဆေးကြည့်ရာ ပျောက်ဆုံးနေသူ အမျိုးသမီးငယ်ဖြစ်သည်ကို သိရှိရခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူ မိတ်ဆွေတစ်ဦးက ပြောသည်။
“မိသားစုက ရဲစခန်း လူပျောက်သွားတိုင်တော့မှ တိုက်စစ်ကြည့်တော့ ဆွဲကြိုးတူနေလို့ အတည်ပြုနိုင်တာ။ အဲဒီအချိန်မှာ ရုပ်အလောင်းမရှိတော့ဘူး သူ့(သေဆုံးသူ) သူငယ်ချင်းတွေပြောတာက ဆေးဗိုလ်ကြီးတစ်ယောက်နဲ့ KTV (1668 KTV) ကနေ နောက်ဆုံးထွက်သွားတယ်လို့ သိရတယ်။ CCTV မှတ်တမ်းတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး သေဆုံးသူမိသားစုကို တွေ့သည်အထိ မစောင့်ဘဲ မီးသင်္ဂြိုလ်လိုက်သည့်အပေါ်တွင်လည်း ဝေဖန်မှုများရှိနေသည်။
“တကယ်တော့ ရက်ကဘာမှကြာသေးတာမဟုတ်ဘူး။ သက်ဆိုင်ရာပြောတာက အရမ်းပုပ်နေလို့ ဆေးရုံမှာ သင်္ဂြိုလ်လိုက်တယ်ပြောတယ်။ အဲဒါကို မိသားစုကလည်း စိတ်ထဲ ဘဝင်မကျဘူးပေါ့” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း လူပျောက်ဆုံးမှုများ များပြားနေပြီး အချို့မှာ ပြန်တွေ့သော်လည်း ပြန်မတွေ့သေးသူများလည်း အများအပြား ရှိကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#တာချီလိတ်
#ဆေးဗိုလ်ကြီး
#အမျိုးသမီး
#ရှမ်းအရှေ့








