မဲခေါင်၊ ဖေဖော်ဝါရီ ၄
ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူကြီးဒေသ၊ ဟံးဗွာရွာတွင် ပအိုဝ်းပြည်သူ့စစ် – PNO နှင့် ပအိုဝ်းအမျိုးသား လွတ်မြှောက်ရေးတပ်မတော် – PNLA တို့ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး PNO ဘက်မှ သေဆုံးမှုများနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် PNO က ဟံးဗွာရွာဖက်ကို အင်အားများစွာဖြင့် စစ်ကြောင်း ထိုးလာခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“PNO က စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲမှာ PNO လူတွေ သေဆုံးမှုများတော့ ရွာထဲကို လက်နက် ကြီးနဲ့ ပစ်လာပြီး ဒရုန်းနဲ့ရော ဗုံးလာချတယ်။ ရွာသားတွေတော့ ကြောက်လန့်ကြရတယ်။ ခုထိ ထိခိုက်မှုတော့ မကြားရသေးဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
PNO က လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရွာသားအားလုံးလည်း တောတောင်ထဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် စစ်ရေး တင်းမာနေဆဲဖြစ်ပြီး PNO မှလည်း သေဆုံးသွားသော ရုပ်အလောင်းများကို လာရောက် ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်တွင်လည်း PNO က ကဒူကြီးဒေသရှိ ဗန်းမက်ကျေးရွာကို ဒရုန်းဖြင့် လာရောက် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာရှိ စာသင်ကျောင်းနှင့် စာကြည့်တိုက်လည်း ပျက်စီးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongnews
#ကဒူကြီးဒေသ
#တိုက်ပွဲ
#PNO
#သေဆုံးမှုများ








