မဲခေါင်၊ ဇန်နဝါရီ ၂၂
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ပုံဆွေပင်ရွာတွင် ဒေသခံလူငယ်များကို မဲနှိုက်ခိုင်းပြီး ပအိုဝ်းပြည်သူ့စစ် – PNO က နံပတ်စဉ်အလိုက် ရှေ့တန်းပို့နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာကတည်းက ယနေ့အထိ မဲနှိုက်ခိုင်းပြီး ရှေ့တန်းပို့နေဆဲဖြစ်ကာ တချို့မှာ နေအိမ် ပြန်မရောက်ဘဲ အဆက်သွယ်ပြတ်နေကြောင်း ဒေသခံများက ပြောသည်။
“ပင်လောင်း – ဖယ်ခုံဖက် သွားရတယ်။ တစ်ခေါက်သွားရင် လူ ၃ ယောက်သွားရပြီး ၁၅ ရက်သွားရတယ်။ တချို့ ဆိုရင် ၁၅ ရက် ပြည့်လည်းပြန်မလာဘူး၊ အဆက်သွယ်လည်း မရဘူး။ ရွာသူကြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ PNO တွေပေါင်းပြီး လူငယ်တွေကို ဗမာစစ်သားဆီ ရောင်းစားတယ်လို့လည်း ရွာမှာ သတင်းထွက်နေတယ်”ဟု ရွာခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ထိုသို့ မဲနှိုက်ခိုင်းပြီးနောက် ကျေးရွာရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူများအားလုံးကို ကျေးရွာ ဘောလုံးကွင်းတွင် စစ်သင်တန်း ၃ ရက်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုလို PNO က ရှေ့တန်းပို့သောကြောင့် ကျေးရွာရှိ လူငယ်တစ်ချို့သည် ထိုင်း၊ မလေးရှား၊ လာအို နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရွာခံများက ပြောသည်။
ပုံဆွေပင်ကျေးရွာတွင် PNO က စစ်သားစုဆောင်းခြင်း အပြင် စစ်အသုံးစရိတ်အတွက် လစဉ် တစ်လ ၅ သောင်းကျပ်လည်း ကောက်ခံသေးကြောင်း ဒေသခံများက ဆိုသည်။
#MeKongNews
#တောင်ကြီး
#ပုံဆွေပင်
#မဲနှိုက်ခိုင်း
#PNO
#ရှေ့တန်းပို့








