မဲခေါင်၊ ဇန်နဝါရီ ၁၉
ယာဉ်မောင်းသေဆုံးပြီး ကလေးများလည်း ထိခိုက်ဒဏ်ရာရ များပြားခဲ့သည့် ကျိုင်းတုံမြို့မှ စစ်တပ်ကျောင်းကားတစ်စီး တိမ်းမှောက်သည့် သတင်းကို ဖုံးဖိထားကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီ ၁၅ ရက် ညနေ ကျောင်းဆင်းချိန်တွင် လေယာဥ်ကွင်းသွားလမ်းဘေးရှိ အထက – ၅ မှကျောင်းကားသည် လမ်းဆုံအနီး ဘရိတ်ပေါက် တိမ်းမှောက်သဖြင့် ယာဉ်မောင်း ပွဲချင်းပြီးသေဆုံးပြီး ကလေးများ ထိခိုက်ဒဏ်ရာ ရမှုများပြားကြောင်း သိရသည်။
“ထ ၅ ကျောင်းသွားရင်း ဘရိတ်ပေါက်ပြီး မှောက်တာပါ ကားသမားက ပွဲချင်းပြီး ဆုံးသွားပါတယ်။ ၄ နှစ်ကလေးက ခေါင်းပေါက်တာ ဦးနှောက်ပါ မြင်ရတယ်တဲ့၊ ကျန်ကလေးတွေက ခါးရိုးကျိုးတဲ့သူကကျိုး၊ လက်ကျိုးခြေကျိုးတွေ ဖြစ်သွားပါတယ်။ အခုမှသိရတာပါ”ဟု ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် မှတ်ချက်ပြုထားသည်။
ယင်းသတင်းကို အတည်ပြုနိုင်ရန် ကျိုင်းတုံဆေးရုံကြီးသို့ ဆက်သွယ် စုံစမ်းရာတွင်လည်း ကိုယ်တိုင် လာရောက်မေးမြန်းရန်သာ အကြောင်းပြန်လာပြီး အခြားသတင်းရင်းမြစ် တစ်ဦးကမူ စစ်တပ်မှ ကျောင်းကြိုကားဖြစ်သဖြင့် ဖြစ်ရပ်မှန်သော်လည်း သတင်းဖျောက်ထားခြင်း ဖြစ်ကြောင်း၊ ကျောင်းသို့လည်း မည်သည့်ကိစ္စမျှ မပြောရန် မှာထားသည်ဟု ဆိုသည်။
ယင်းသတင်းကို မြို့ခံ အများစုမသိကြသလို လူမှုကွန် ရက်ပေါ်မှလည်း ပြန်လည် ဖြုတ်ချသွားပြီး သတင်းပျောက်နေသဖြင့် မဲခေါင်က ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
#MeKongNews
#ကျိုင်းတုံ
#ကျောင်းကားမှောက်
#သေဆုံး
#ကလေးများ
#ဒဏ်ရာရ








