မဲခေါင်၊ ဒီဇင်ဘာ ၃၁
စစ်ကောင်စီနှင့် MNDAA တို့ လားရှိုးမြို့ရှိ ဆင်နှစ်ကောင် ဟိုတယ်တွင် ဒီဇင်ဘာ၂၉ ရက်က ထပ်မံ တွေ့ ဆုံ ခဲ့သော်လည်း ပြေလည်မှု မရသေးကြာင်း MNDAA နှင့် နီးစပ်သူများထံမှ သိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့ရှိ ဆင်နှစ်ကောင် ရပ်ကွက်တွင် ရွေးကောက်ပွဲအပြီး နောက် တစ်ရက်တွင် ထပ်မံ တွေ့ဆုံကြခြင်း ဖြစ်ကြောင်း သိရသည်။
“ရွေးကောက်ပွဲ ဒုပိုင်း အမှီ တပ်ဆုတ်ခိုင်းတယ်၊ ဒီကြားထဲ တန့်ယန်း – လားရှိုး လမ်းပိုင်း တပ်တွေအကုန် ဆုတ်ဖို့ ပြောတယ်။ သိန္နီအထိကို ဒုပိုင်းအမှီ ဆုတ်ဖို့ပြောတယ်။ ကိုးကန့်ကတော့ ထုံးစံအတိုင်း အထက်ကို တင်ပြရဦးမယ် ဆိုတာလောက်ပဲလို့ သိရတယ်။ ဆက်ဆံရေးရုံး ဖွင့်ဖို့ကလည်း ကိုးကန့်က တောင်းတာခင်ဗျ။ လက်ရှိတော့ တိကျတဲ့အဖြေ မထွက်ပါဘူး ခင်ဗျ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းဆင်နှစ်ကောင် ဟိုတယ်တွင်ပင် ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က စစ်ကောင်စီနှင့် MNDAA တို့ တွေ့ဆုံ ဆွေးနွေးခဲ့သေးပြီး ယခု ထပ်မံတွေ့ဆုံသည်အထိ အခြေအနေ တင်းမာနေဆဲ ဖြစ်ကာ ပြေလည်မှုမရရှိဘဲ သီပေါတံ တားကို နိုဝင်ဘာ ၁၄ ရက်က ပိတ်ထားသည်မှာ ယခုထိပင် ဖြစ်သည်။
ယခု အစည်းအဝေးတွင်လည်း စစ်ကောင်စီက ၎င်းတို့၏ ရွေးကောက်ပွဲ အပိုင်း – ၂ ကျင်းပမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မတိုင်မီ MNDAA တပ်များကို ဆုတ်ခိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းထားသည့် စစ်ကောင်စီက ပြုလုပ်သည့် ရွေးကောက်ပွဲ အတုမှ ပေါ်ထွက်လာမည့် လွှတ်တော်အတုနှင့် အစိုးရအတု တွင်လည်း လားရှိုး အခြေအနေမှာ ဆက်လက် တင်းမာနေနိုင်ကြောင်း နိုင်ငံရေး လေ့လာ အကဲခတ်သူများက သုံးသပ်လျက်ရှိသည်။
#MeKongNews
#စစ်ကောင်စီ
#MNDAA
#လားရှိုး
#ပြေလည်မှုမရ








