မဲခေါင်၊ ဒီဇင်ဘာ ၃၀
ပင်လောင်း – ဖယ်ခုံနယ်စပ်၌ ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်နေပြီး ရွာခံများကို ပအိုဝ်းပြည်သူ့စစ် – PNO က စစ်ဝတ်စုံနှင့် သေနတ်များပေးပြီး ရှေ့တန်းလွှတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း – ဖယ်ခုံ နယ်စပ်ရှိ တောင်စလုံးကျေးရွာနှင့် ဘောရန်ကျေးရွာ အနီးတစ်ဝိုက်တွင် ဒီဇင်ဘာ ၂၅ ရက်မှစပြီး PNO တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများအကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲဖြစ်နေတယ်၊ အစက PNO က ကိုယ့်ရွာ လုံခြုံရေးအတွက်ပဲ ပြန်စောင့်ရမယ်ဆိုပြီး ရွာသားကို သူတို့ တပ်ထဲကို အတင်းဝင်ခိုင်းတာ။ ခုတိုက်ပွဲဖြစ်မှ လက်နက်တွေပေးပြီး ရှေ့တန်းတက်ခိုင်းတာ။ တချို့ ရွာသားဆို စစ်သင်တန်းတောင် မတက်ဖူးဘူး “ဟု ဒေသခံ ရွာသားတစ်ဦးက မဲခေါင်သို့ ပြောသည်။
ရှေ့တန်း သွားရသူများသည် နမ်းနိန်း၊ လုံးပျဉ်၊ တောင်မဲသင်း ဒေသခံများ ဖြစ်ကြပြီး တစ်ရွာ လူငယ် ၁၀ ဦး သွားရကာ စေလွှတ်လိုက်သည့် ဒီဇင်ဘာ ၂၅ ရက် ကတည်းက အဆက်အသွယ်မရကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲအတွင်း PNO ဖက် အကျအဆုံး များကြောင်း သတင်းကြားရပြီး ရှေ့တန်းသွားရသူများနှင့် အဆက်အသွယ်လည်း မရသောကြောင့် ကျန်ခဲ့သော မိသားစုနှင့် ရွာသားများက စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။
တောင်မဲသင်း၊ နမ်းနိန်း၊ လုံးပျဉ် ကျေးရွာများသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး ၂ နှစ်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီးနောက် နေရပ်ပြန်လာနေထိုင်သည်မှာ သုံးလဝန်းကျင်သာ ရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ပင်လောင်း
#ဖယ်ခုံ
#တိုက်ပွဲ
#ရှေ့တန်း








