မဲခေါင်၊ နိုဝင်ဘာ ၁၀
တာချီလိတ်မြို့တွင် ရဟန်းသံဃာကဲ့သို့ သင်္ကန်းရုံထားပြီး သပိတ်လွယ်ထားသူ အချို့က နံနက် ၄ နာရီဝင်းကျင်တွင် အရက်ဘားများ အပါအဝင် နေရာအများစု၌ လိုက်လံ အလှူခံနေကြောင်း ဒေသခံများက ပြောသည်။
ကိုယ်တိုင်တွေ့မြင့်ခဲ့သူ လူငယ်တစ်ဦး၏ ပြောပြချက်အရ သင်္ကန်းရုံ၊ သပိတ်လွယ်အလှူခံသူများမှာ တစ်ဦးတည်းမဟုတ်ဘဲ ၅ ယောက်၊ ၆ ယောက်ခန့်ရှိကြောင်း၊ တာချီလိတ်အနောက်မြို့ပတ်လမ်းပေါ်၊ 1G1 အနီးတွင် အများအပြားတွေ့ရကြောင်း သိရသည်။
“နေ့စဉ်နီးပါးလုပ်ပါတယ်။ အရက်ဘားတွေထဲဝင်ပြီး အလှူခံနေတာ” ဟု ၎င်းကပြောသည်။
တာချီလိတ်မြို့တွင် သံဃာအယောင်ဆောင်ကာ အလှူခံသူ၊ လုပ်စားနေသူများ အများအပြားရှိနေပြီး ယင်းကဲ့သို့ လုပ်ဆောင်မှုများကြောင့် ဗုဒ္ဓဘာသာပုံရိပ် များစွာထိခိုက်ကြောင်း ဒေသခံများက ပြောသည်။
“သာသနာရေးကလည်း ငွေရတဲ့ ကိစ္စမဟုတ်ရင် ဝင်မပါဘူး။ အဓိက တာဝန်အရှိဆုံးက သူတို့ပဲလေ။ ဒီလိုမြင်ရတာ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ စိတ်ထိခိုက်ရတယ်။ တချို့ဆိုရင် မူးယစ်ဆေးသုံး၊ အရက်မူးနေရဲ့ သင်္ကန်းရုံ လုပ်စားနေသူတွေတောင်ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ မသင့်တော်သည့် နေရာများတွင် လိုက်လံအလှူခံနေသူများမှာ သံဃာအစစ်မဟုတ်ဘဲ အယောင်ဆောင်လုပ်စားသူများသာ ဖြစ်မည်ဟု ထင်ကြောင်း တာချီလိတ်မြို့ခံများက မှတ်ချက်ပေးသည်။
#MeKongNews
#တာချီလိတ်
#သံဃာအတုအယောင်
#အရက်ဆိုင်
#အလှူခံ








