မဲခေါင်၊ အောက်တိုဘာ ၂၂
တာချီလိတ်နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာခရီးသည်စောင့်၍ ပြေးဆွဲနေသည့် မြန်မာလိုင်စင်နံပတ်ပါကားများကို အောက်တိုဘာ ၂၁ရက်နေ့က ထိုင်းနိုင်ငံ တာဝန်ရှိသူများက လိုက်လံမောင်းထုတ်ကြောင်း ယာဥ်မောင်းများထံကသိရသည်။
အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီ ၁၅ မှစတင်ကာ လိုက်လံမောင်းထုတ်နေခြင်းဖြစ်ကြောင်း မြန်မာယာဉ်မောင်းများထံမှ သိရသည်။
“မယ်ဆိုင်ဘက်မှာ သုံးဘီးအချို့နဲ့ Hijet တချို့ ဒီအလုပ်လေးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာ။ ထိုင်းဧည့်သယ်ကားတွေ ကျနော်တို့ မြန်မာပြည် တာချီလိတ်အတွင်းမှာ လာရောက်ဧည့်သည်တွေတင်ရင် ကျနော်တို့နိုင်ငံက ဘာမှမပြောဘူး။ အခုဒီကိစ္စလေးကိုတော့ မြန်မာနိုင်ငံ လူကြီးများအနေနဲ့ ဖြေရှင်းပေးစေချင်ပါတယ်ခင်ဗျာ” ဟု မြန်မာယာဥ်မောင်းတစ်ဦးက ပြောသည်။
မြန်မာနံပတ်တပ်ကားများမှာ တာချီလိတ်မြို့တဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ဒွိုင်းဝေါင်းဘုရားကုန်းအဆင်း (ဦးအောင်ဇေယျဘုရားကုန်း) တွင် ရပ်နားထားကြပြီး ယင်းနေရာမှ Lotus ကုန် တိုက်ဘက်နှင့် တာချီလိတ်ဘက်သို့ ပြေးဆွဲနေကြခြင်းဖြစ်ကြောင်းသိရသည်။
“ထိုင်းဘက်က သူ့နေရာနဲ့သူ လိုင်းကားတွေ ၁၅ မိနစ်တစ်ကြိမ်လောက်ထွက်နေတာ။ မြန်မာကားတွေကျတော့ ထိုင်းဘက်တင်မကဘူး၊ မြန်မာဘက်ကို ကုန်များရင် တင်ပြီးပြန်လို့ရလို့ သုံးနေကြတာ။ အခုက မလိုက်နာရင် ထိုင်းဥပဒေအရ ဖမ်းခံထိတော့မှာ” ဟု တာချီလိတ် ကချင်ကုန်းမှ ကားပြေးဆွဲနေသူတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်စပ်ဂိတ် ဘက်တွင် ထိုင်း၊ မြန်မာ နှစ်ဘာသာဖြင့် ယင်းကိစ္စအားကြေညာထားရာတွင် “ထိုင်းနိုင်ငံတွင် ခရီးသည်တင်ဖို့ ရပ်နားထားတဲ့ မြန်မာမှတ်ပုံတင်(မြန်မာလိုင်စင်)ပါရှိတဲ့ အများပြည်သူသုံးဘတ်စ်ကားတွေကို ထိုင်းနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေးဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး ထောင်ဒဏ် ၅နှစ်အထိ၊ ဒဏ်ငွေ ဘတ်ငွေ ၂၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ဒဏ်ငွေ နှစ်မျိုးလုံးချမှတ် နိုင်ပါတယ်” ဟု မြန်မာဘာသာဖြင့်ဖော်ပြထားကြောင်း တွေ့ရသည်။
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်
#ခရီးသည်တင်ကား
#မြန်မာလိုင်စင်








