မဲခေါင်၊ အောက်တိုဘာ ၉
အနက်ရောင်ကားစီးဖြင့် နောက်မှ လိုက်ပါလာသူ ၂ဦးမှ နေအိမ်ခြံဝန်းသို့အရောက် ကားပေါ်မှဆင်းကာ အချက်ပေါင်းများစွာ ပစ်ခတ်သဖြင့် တာချီလိတ်မြို့နေ စိုင်းအောင်ခမ်းဆိုသူ သေဆုံးသွားကြောင်း သိရသည်။
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ အောက်တိုဘာလ ၈ရက်နေ့၊ ည ၈နာရီ ခွဲခန့်က ဆန်ဆိုင်း (က)ရပ်ကွက်၊ အမှတ်၄/ ၁၀၅ ခတ္တာလမ်းထဲတွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် စိုင်းအောင်ခမ်း မောင်းနှင်လာသည့် ကားနောက်သို့ အနက်ရောင်ကားတစ်စီး လိုက်ပါလာပြီး နေအိမ်အရောက်တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်သွားခြင်းဖြစ်သည်။
စိုင်းအောင်ခမ်း ပုံလို့လမ်းမှတဆင့် နေအိမ်သို့ ကားမောင်းပြန်လာရာ ခတ္တာလမ်းရှိ ၄င်း၏နေအိမ်ရှေ့အရောက်တွင် နောက်မှလိုက်လာသည့် ကားအမဲရောင်ပေါ်မှ အမျိုးသား၂ဦးဆင်းလာပြီး စိုင်းအောင်ခမ်းအားသေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခံရပြီးနောက် ၎င်းကို ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် ယနေ့ အောက်တိုဘာ ၉ရက် နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း အခင်းဖြစ်နေရာအနီးမှ ရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“သေနတ်ပစ်သံကြားရတာ များတယ်။ ချက်ခြင်းရဲခေါ် ပြီးဆေးရုံပို့ရတာ” ဟု ၎င်းက ပြောသည်။
သေနတ်ဖြင့် ပစ်ခံရမှုကြောင့် စိုင်းအောင်ခမ်းသည် ဦးခေါင်းညာဘက် ဂျိုစောင်းနေရာတွင် ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ ကျောကုန်းတွင်ဖောက်၀င် သေနတ်ဒဏ်ရာ ၅ချက် ရရှိခဲ့ကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ရှမ်းအရှေ့
#လူသတ်မှု
#စိုင်းအောင်ခမ်း








