မဲခေါင်၊ စက်တင်ဘာ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှု ၂ ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လုယက်ခံရသူများမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်းရှိ တံတားထိပ်တွင် ဆိုင်ကယ်စီးနှင်လာသူ အမျိုးသားတစ်ဦးကို လုယက်သူများက ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ် လုယက်သွားကြောင်း၊ စက်တင်ဘာ ၂ ၀ရက်ညတွင်လည်း မိုင်းဇင်းရွာတွင် ဓားဖြင့်ရန်ပြုပြီး ဆိုင်ကယ်လုယက်သွားရာ ရန်ပြုခံရသူများမှာ ကျိုင်းတုံဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေကြရကြောင်း ဆေးဝန်ထမ်းများထံမှ သိရသည်။
“ပထမလူနာက မိသားစုမရှိတစ်ယောက်တည်း ရုန်းကန်နေရသူ၊ ငွေကြေးလည်းမပြည့်စုံသူ၊ ဆေးရုံတက်တောင် အစောင့်မရှိပါဘူး။ ကျောဘက်မှာ ဓါးခုတ်ရာတွေ ချုပ်ထားရပြီး ထိုးသွင်းဒဏ်ရာကြောင့်လည်း အဆုတ်ထဲ သွေးဝင်ပြီး Chest Tube ထည့်ထားရပါတယ်” ဟု ဆေးဝန်ထမ်းတစ်ဦးက ဆိုသည်။
ဒုတိယလူနာမှာလည်း နေပြည်တော်၊ တပ်ကုန်းမှ နယ်လှည့်စာရေးဆရာတစ်ယောက်ဖြစ်ပြီး ရှမ်းရှေ့သို့ စာရေးရန် ဆိုင်ကယ်တစ်စီးနှင့် ထွက်လာခြင်းဖြစ်ပြီး ယခု လုယက်ခံရမှုတွင် ပါလာသည့်ငွေကြေးများနှင့် ဆိုင်ကယ်ပါ လုယက်ခံရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“သူ့ လက်အကြောပြတ်သွားလို့ တောင်ကြီးထိသွားကုရမှာမို့ လမ်းစားရိတ်တောင်မရှိတော့လို့ အရမ်းခက်ခဲနေတယ်” ဟု ၎င်းက ပြောသည်။
၎င်းလူနာမှာ ယနေ့ စက်တင်ဘာ ၂၃ ရက်တွင်ပင် တောင်ကြီးသို့ လွှဲပြောင်းကုသခံရမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်သာမက ပြည်နယ်ရဲတပ်ဖွဲ့ခွဲရုံး၊ ခရိုင်ရဲရုံးများ ရှိနေသော်လည်း ယခုလို ဆိုးရွားသည့် အသက်အန္တရာယ်ပြု လုယက်မှုမျိုး မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူအများ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရသည်။
“ဒီလောက် ဆိုးသွမ်း လုယက်နေတာ၊ တခါမှလည်း ပေါ်တာမကြားဘူး။ ဖြစ်တဲ့ အမှုတွေရဲ့ တစ်ရာခိုင်နှုန်း လောက်ပဲ အမိပြနေတာ။ ဦးထုပ်ဖမ်းရမယ်။ လိုင်စင်ဖမ်းရမယ် ဆိုရင်တော့ လာထား မလွတ်စေရဘူးဘဲ။ ခုလို လူဆိုး မျိုးတွေကျတော့ မဖမ်းနိုင်ဘူး” ဟု နောင်တုံရပ်နေ ဒေသခံတစ်ဦးက ပြောသည်။
ယခုနှစ် ဆန်းပိုင်းက ကျိုင်းတုံမြို့ပတ်လမ်းတွင် ဆိုင်ကယ်လုယူကာ ဓားဖြင့်ထိုး၍ အသတ်ခံရသည့် ပန်းအလှဆင်သူအမျိုး သားတစ်ဦး၏ အမှုလည်း ယခုထိတရားခံ ဖော်ထုတ်နိုင်ခြင်းမရှိသေးသလို ယခုဖြစ်စဥ်လို ဓားဖြင့် ဆိုင်ကယ်လုယက်မှုများလည်း တစ်မှုမျှ လက်သည်များ ဖမ်းဆီးရရှိမှုမရှိ သေးသကဲ့သို့ မကြာခဏ ဓားဖြင့် အကြမ်းဖက်လုယက်မှုများ၊ ဖောက်ထွင်းမှုများ ဖြစ်ပွားနေသည့်အတွက် တာဝန်ရှိရဲများအပေါ် ဒေသခံပြည်သူများက ပြင်းထန်စွာ ဝေဖန်နေကြကြောင်း သိရသည်။
#MeKongnews
#ရှမ်းအရှေ့
#လုယက်မှု
#ဆိုင်ကယ်
#ကျိုင်းတုံမြို့








