မဲခေါင်၊ စက်တင်ဘာ ၄
ရွှေဈေးအတက်ပြနေသော်လည်း ဝယ်ထားသည့်ရွှေများကို ဘောင်ချာဖြင့် ပြန်လည်ရောင်းချရာ၌ပင် အရှုံးများနေသည့်အတွက် တာချီလိတ်မြို့ပေါ်တွင် ဖွင့်ထားသည့် နန်းရွှေကျင်းရွှေဆိုင်ကို ဝယ်ယူသူများက ဝေဖန်မှု မြင့်တက်နေသည်။
ယင်းရွှေဆိုင်မှ ရက်ပိုင်း၊ လပိုင်းအတွင်းဝယ်ယူသွားကြသည့် ရွှေထည်များ အရောင်ကျွတ်ခြင်း၍ မကြိုက်တော့ခြင်း၊ ငွေလိုအပ်ခြင်းတို့ကြောင့် နန်းရွှေကျင်းဆိုမှ ဝယ်ယူထားသည့် ဘောက်ချာဖြင့်ပြန်ရောင်းသော်လည်း စျေးနှိမ်ဝယ်ယူနေသည်ဟု အများပြည်သူက ပြောဆိုနေကြခြင်းဖြစ်သည်။
မကြာမီက ယင်းဆိုင်မှ ရွှေထည်ဝယ်ယူခဲ့သူတစ်ဦးက ဈေးနှိမ်ဝယ်ယူသည့်အတွက် လူမှုကွန်ယက်တွင် ဝေဖန်ရေးသားခဲ့ရာ အလားတူကြုံတွေ့ခဲ့ရသူများက ဝိုင်းဝန်းမှတ်ချက်ပေးခဲ့ပြီး မှတ်ချက်ပေါင်း ၂၅၀ နီးပါးရှိခဲ့သည်။
“နန်းရွှေကျင်းကိုက ဈေးနှိမ်တာ။ တိုင်းရင်းသားတွေ မသိနားမလည်ဘူးဆိုပြီး အဲဒီလိုလုပ်သလား မသိဘူး။ အခုမှ သိရတာ ခံတဲ့သူက ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး။ အများကြီးပဲ” ဟု ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
အလားတူယင်းဆိုင်မှပင် ဝယ်ယူခဲ့သူတစ်ဦးကလည်း “နားကပ်လုပ်တာ ရွှေစျေး ၃၀၀၀၀ (ဘတ်) ကျော်တုန်းက၊ ခု ရွှေစျေး ၅၀၀၀၀ (ဘတ်) မှာပြန်သွားရောင်းတာကို ၁၅၀၀ ရှု့းတယ်။ မရောင်းတော့ဘူးဆိုပြီး ထွက်လာပြီး အခြားဆိုင်သွားရောင်းတာ ရွှေရည်က မပြည့်ဘူးတဲ့။ အရင်းတောင်မရဘူး၁၀၀၀ ရှုံးခဲ့တယ်” ဟု မှတ်ချက်ပြုသည်။
ဝယ်ယူရောင်းချသူများကဲ့သို့ အခြားသုံးစွဲသူ အများအပြားကလည်း နန်းရွှေကျင်း ရွှေဆိုင်ကို အခြားဆိုင်များနှင့် နှိုင်းယှဥ်ပြီး ဝေဖန်နေကြသည်။
ရွှေဆိုင်များတွင် ရွှေထည်ဝယ်ယူပါက အလျော့တွက်၊ လက်ခရှိပြီး ပြန်ရောင်းပါက ယင်းအလျော့တွက်နှင့် လက်ခံ ရှုံးလေ့ရှိကြောင်း၊ ထိုအကြောင်းကို ရွှေဝယ်ယူစဉ်ကပင် ဆိုင်ဘက်မှ ရှင်းပြရမည်ဖြစ်ကြောင်း၊ သို့သော် တာချီလိတ်က ရွှေဆိုင်လုပ်ရပ်မှာ ပိုပိုသာသာ ဈေးနှိမ်သကဲ့သို့ဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။
နန်းရွှေကျင်ရွှေဆိုင်မှာ တာချီလိတ်မြို့ပေါ်တွင်ရှိ ဝမ်ကောင်းရပ်ကွက်၌ ၂ဆိုင်၊ မကာဟိုခမ်းပါလျံ နှင့် ဆန်ဆိုင်း (ခ) ရပ်ကွက်များ၌ တစ်ဆိုင်စီဆိုင်ခွဲများရောင်းချနေပြီး တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့များရှိ ရွှေဆိုင်များ အားလုံးကိုယ်စား ရွှေစျေးနှုန်းထုတ်ပြန်နေသည့် ရွှေဆိုင်ဖြစ်ကြောင်း သိရသည်။
ယင်းရွှေဆိုင်ပိုင်ရှင် အမျိုသားမှာ တာချီလိတ်မြို့နယ် ရွှေအသင်းဥက္ကဌဖြစ်ကြောင်းလည်း သိရသည်။
#MeKongNews
#တာချီလိတ်
#နန်းရွှေကျင်း
#ရွှေအသင်းဥက္ကဌ
#ဈေးနှိမ်








