ဦးဝင်းနိုင် – မိုးလေဝသပညာရှင်
ယခု တစ်ပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်-ဩဂုတ် ၂၅ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း တစ်ခုနှင့် တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း တစ်ခုဖြစ်ပေါ်လာနိုင်ကာ ပိုမိုအားကောင်းလာပြီးတိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ကြောင်း၊ ဤအချိန်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းလာမည့် အနောက်တောင်မုတ်သုံလေနှင့် တောင်တရုတ်ပင်လယ်မှ မုန်တိုင်းအကြွင်းအကျန်များ ဝင်ရောက်လာနိုင်သည့်အခြေအနေကြောင့် တစ်နိုင်ငံလုံးတွင် မုတ်သုံမိုးနှင့် မုန်တိုင်းအကြွင်းအကျန်မိုးတို့အပြိုင်ရွာသွန်းနိုင်ပြီး နိုင်ငံတဝှမ်းလုံးမှာ နေရာကွက်၍ မိုးအသင့်အတင့်မှ မိုးများနိုင်မည့်အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။
ရှမ်းပြည်အတွင်း ဩဂုတ်လ ၂၃ ရက် မှ ဩဂုတ် ၂၉ ရက်အထိ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်များအနေဖြင့် –
▶ ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် နေရာကွက်ပြီး မိုးသည်းထန်နိုင်/မိုးများနိုင်ပါသည်။
▶ ရှမ်းပြည်တောင်ပိုင်းဒေသအချို့တွင် ၇ ရက် မိုးရေချိန် ၁၀ လက်မနှင့်အထက်ရှိနိုင်မိုးများနိုင်ပါသည်။
▶ ရှမ်းပြည်မြောက်ပိုင် လားရှိုးမြို့နှင့် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တို့တွင် ၂၇ ရက်/၂၈ ရက်နေ့များ၌ ၂၄ နာရီအတွင်း မိုးရေချိန် ၁ ဒသမ ၅ လက်မရွာသွန်းရရှိနိုင်ပြီး မိုးအများဆုံးနေ့ ဖြစ်နိုင်ပါမည်။ ကျန်ရက်များတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့် ၀ ဒသမ၅ လက်မနှင့် တစ်လက်မအတွင်း ရွာသွန်းရရှိနိုင်ပါသည်။
▶ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၈ ရက် တစ်ရက်တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၁ ဒသမ ၅ လက်မခန့်ရွာသွန်းရရှိနိုင်ပြီး မိုးအများဆုံးနေ့ဖြစ်နိုင်ပါသည်။
▶ ရှမ်းပြည်နယ်တောင်ပိုင်းတွင်အထူးသတိပြုရန်မှာ ဩဂုတ်လ ၂၉ ရက်နေ့ – အောင်ပန်း၊ ကလောမြို့တွင် ၂၄ နာရီ မိုးရေချိန် ၂ ဒသမ ၆ လက်မခန့်ရွာသွန်းနိုင်/ မိုးများနိုင်ပြီး၊ နောင်တရားနှင့် ပင်လောင်းမြို့တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၆ လက်မအထက် ရွာသွန်းနိုင်/မိုးအလွန်များနိုင်ပါသည်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
▶ ယခုတပတ်အတွင်း ဩဂုတ်လ ၂၇ ရက်အထိ အမြင့်ဆုံးနေ့အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ပြီး၊ ဩဂုတ် ၂၈/၂၉ ရက် နေ့များတွင် အမြင့်ဆုံးနေ့အပူချိန် ၂၁°C အထိ ကျဆင်းလာနိုင်ပြီး ညအပူချိန် အနိမ့်ဆုံး ၂၀°C အထိကျဆင်းလာနိုင်ပါသည်။
▶ လေထုစိုထိုင်းဆ ၇၅% မှ ၉၀% အတွင်းရှိနိုင်ပြီး လေတိုက်နှုန်းအများဆုံး တနာရီ ၁၆ မိုင်ခန့်ရှိနိုင်ကာ လေငြိမ်သွားသည့်ချိန်များတွင် ခံစားရသည့်အပူချိန်(Apparent Temperature)၃၀°C အထိ မြင့်တက်လာနိုင်ပါသည်။
▶ ရှမ်းပြည်တခွင်လုံး၏ လေထုညစ်ညမ်းမှုအခြေအနေအန္တရာယ်မရှိသည့်အဆင့် AQI Value 20 ခန့်သာရှိနိုင်ပါသည်။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ကာဂျီကီ
#ရှမ်းပြည်
#ရေကြီး








