မဲခေါင်၊ ဧပြီ ၂၃
ရှမ်းပြည်အရှေ့ပိုင်း နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်နှင့် မိုင်းလား တင်သွင်းပြီး တောင်ကြီး၊ ရန်ကုန်၊ မန္တလေးဘက်သို့ ပို့ဆောင်မည့် ကုန်စည်များပါဝင်သည့် ကုန်တင်ယာဉ် အစီး ၇၀ခန့်ကို တောင်ကြီးမြို့တွင် ဖမ်းဆီးထားပြီး ယခုအချိန်အထိ တစ်စီးမျှ မလွတ်သေးကြောင်း ကုန်သည်များနှင့် ကုန်တင်ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
သင်္ကြန်မတိုင်မီ ဧပြီလ ၁၁ရက်က ဟိုပုံးမြို့၊ နမ့်စန်မြို့၊ လွိုင်လင်မြို့ရှိဂိတ်များတွင် ကုန်တင်ယာဉ်များကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဟိုပုံးမြို့အဝင်ရှိ အင်ဂျင်နီယာတပ်ဝန်းထဲတွင် ယာဉ်များကို ရပ်ခိုင်းထားကြောင်း၊ ကားများအားလုံးကို ဖောက်စစ်ပြီး ယာဉ်လိုင်စင်များလည်း စစ်ဆေးနေကြောင်း ကုန်တင်ယာဉ်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“၁၂ ဘီးကားပဲ အစီး ၇၀ ကျော်တယ်။ တပ်ကဖမ်းတာပါ။ ကုန်တွေဖောက်ပြီး အကောက်ခွန်နဲ့ စစ်နေတယ်။ ယာဉ်လိုင်စင်တွေကိုလည်း ကညနခေါ်ပြီး စစ်နေတယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံထားရသည့် ကုန်စည်များမှ တရုတ်နှင့် ထိုင်းမှ ဝင်ရောက်သည့် လူသုံးကုန်စည်အများစုဖြစ်ပြီး တာချီလိတ်ဂိတ်များမှ ကုန်ကားအများစုပါကြောင်း၊ ကုန်ပစ္စည်းတန်ဖိိုးများပြားပြီး ညှိနှိုင်းမရသည့်အတွက် အခက်တွေ့နေကြောင်း တာချီလိတ်ကုန်သည်တစ်ဦးကပြောသည်။
“အခုက တာချီလိတ်က ကားတွေများတယ်။ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ တော်တော်ရှင်းရခက်နေတယ်” ဟု ၎င်းကပြောသည်။
တာချီလိတ်မှ တောင်ကြီးအထိ ကုန်တင်ကားများ သွားလာရာတွင် လမ်း၌ ဂိတ်ကြေး ကားတစ်စီးလျင် ကျပ်သိန်း ၇၀ ခန့်ကုန်ကျကြောင်း၊ တောင်ကြီးမြို့သို့ ရောက်ခါနီးမှဖမ်းဆီးလိုက်သည့်အတွက် ကားသမားများ များစွာနစ်နာကြောင်း၊ ယခုဖမ်းလိုက်သည့် ဟိုပုံးအဝင်ဂိတ်တွင်လည်း ကားတစ်စီးလျင် ကျပ် ၈သောင်းပေးရကြောင်း ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
“တာချီလိတ် မယ်ယန်းစုပေါင်းဂိတ်ကနေ အဖွဲ့စုံစစ်ဆေးပြီမှ လွှတ်လိုက်တာ။ တာချီလိတ်ကနေ တောင်ကြီးထိကို လမ်းမှာဂိတ်တွေ ပိုက်ဆံပေးရတာ သိန်း ၇၀ဝန်းကျင်ကုန်တယ်။ အဲဒါကိုတောင်ကြီးရောက်ခါနီးမှ စစ်တပ်ကဖမ်းတယ်ဆိုတော့ ပိုက်ဆံယူထားတဲ့ ဂိတ်တွေကလည်း ဘာမှတာဝန်မယူဘူး” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလာမှု၊ လောင်စာဆီဈေးမြင့်တက်မှု၊ လမ်းတွင် တရားမဝင်ဂိတ်ကြေးပိုမိုပေးချေလာရမှုတို့ကြောင့် ပြည်တွင်း၌ ကုန်ပစ္စည်းများ ဈေးအဆမတန် မြင့်တက်နေရာ ယခုကဲ့သို့ ဖမ်းဆီးမှုကြောင့် ပြည်တွင်း၌လူသုံးကုန်ပစ္စည်းများ ဈေးပိုတက်လာနိုင်ကြောင်း သုံးသပ်ကြသည်။
စစ်ကောင်စီက တရားမဝင် နယ်စပ်ကုန်သွယ်မှုများကို နှိမ်နင်းမည်ဟုဆိုကာ နယ်စပ်တွင် ဂိုထောင်များဖောက်စစ်ခြင်း၊ ဖမ်းဆီးခြင်းများကို လွန်ခဲ့သည့် ၅လခန့်ကတည်းက လုပ်ဆောင်နေခြင်းဖြစ်သည်။
ဇော်မြင့်
#MeKongNews
#တာချီလိတ်
#တောင်ကြီး
#ကုန်တင်ယာဉ်
#မိုင်းလား








