မဲခေါင်၊ ဖေဖော်ဝါရီ ၈
TNLA ထိန်းချုပ်နယ်မြေများထဲမှ ကျောက်မဲ၊ မိုးကုတ်၊ ကွတ်ခိုင်၊ နမ့်ဆန်နှင့် နမ့်ခမ်း ခရိုင်များ၌ ယခုနှစ်၊ ဇန်နဝါရီ တစ်လအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၃၉ ဦး ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ကျောက်မဲခရိုင်၌ သုံးစွဲသူ ၃၈ ဦးနှင့် ရောင်းဝယ်သူ လေးဦး၊ မိုးကုတ်ခရိုင်၌ သုံးစွဲသူ ၁၁ ဦးနှင့်ရောင်းဝယ်သူ နှစ်ဦး၊ ကွတ်ခိုင်ခရိုင်၌ သုံးစွဲသူ ၁၅ ဦးနှင့် ရောင်းဝယ်သူ တစ်ဦး၊ နမ့်ဆန်ခရိုင်၌ သုံးစွဲသူ ရှစ်ဦး၊ နမ့်ခမ်းခရိုင်၌ သုံးစွဲသူ ၅၄ ဦးနှင့်ရောင်းဝယ်သူ ခြောက်ဦးကို TNLA တရားဥပဒေစိုးမိုးရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသူများအား အကျင့်စာရိတ္တပြုပြင်ရေးစခန်း ပို့ဆောင်ပေးခြင်းနှင့် ပြစ်မှုကြီးသူများကို ထောင်အတွင်း ထိန်းသိမ်းသည်ဟု ဖော်ပြသည်။
မူးယစ်ဆေးရောင်းသုံးတွေကို ဖမ်းဆီးအရေးယူနေတဲ့ TNLA ကိုယ်တိုင်က မူးယစ်ဆေးရောင်းသုံး(ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်း)ပြုလုပ်နေကြောင်း သတင်းတွေထွက်ပေါ်နေပေမယ့် TNLA က ငြင်းဆန်သည်။
မိုးကုတ်ဒေသခံတစ်ဦးက “သူတို့(TNLA) ရောင်းနေတာပဲ၊ သူတို့လည်း သုံး၊ ဖမ်းပြီး ငွေတောင်း ပြန်လွတ်ပဲ” ဟု မဲခေါင်ကိုပြောသည်။
ဒေသတွင်းထွက်ပေါ်နေသည့် သတင်းနှင့်ပတ်သက်ပြီး မဲခေါင်ကအတည်ပြုမေးမြန်ရာ TNLA ပြောခွင့်ရ လွေးယေဦးက “ကျွန်မတို့ အဲ့လိုလုပ်ဆောင်တာ မရှိပါဘူး” ဟု ပြန်ဖြေသည်။
ယခုနှစ်၊ ဇန်နဝါရီလ ၇ ရက်ကလည်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးသုံးစွဲသူ ၁၃၁ ဦးအား အကျင့်စာရိတ္တပြုပြင်ကာ ပြန်လည်လွှတ်ပေးခဲ့သည်။
၂၀၂၄ ခုနှစ်တစ်နှစ်အတွင်း TNLA ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၁၉၂၃ ဦးကို TNLA က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဂနိုက်
#MeKongNews
#TNLA
#မူးယစ်ဆေးရောင်းသုံး
#၂၃၉ဦးဖမ်းဆီး
#လွေးယေဦး








