မဲခေါင်၊ ဒီဇင်ဘာ ၁၄
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့ရှိ NLD ရုံးကို စစ်ကောင်စီက တန်ဖိုးတွက်ချက်တင်ပြဖို့ မိုင်းတုံထွေအုပ်ကိုညွှန်ကြားကြောင်း ထွေအုပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က မဲခေါင်ကို ဒီကနေ့(ဒီဇင်ဘာ ၁၄) ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်က မိုင်းတုံထွေအုပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ထုံးဘိုရပ်ကွက်မှာရှိတဲ့ NLD ရုံးတာဝန်ခံကို သော့ဖွင့်ခိုင်းပြီး ရုံးထဲမှာ မြေနဲ့အဆောက်အအုံတန်ဖိုး တွက်ချက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သူကပြောပါတယ်။
“ရပ်ကွက်ထဲမှာတော့ သိမ်းတယ်တို့ ဘာတို့သတင်းထွက်နေတာပေါ့၊ တကယ်တော့မဟုတ်ပါဘူး၊ အထက်က တန်ဖိုးတွက်ချက်ခိုင်းတာပါ၊ တန်ဖိုးတွက်ပြီး ဘာလုပ်မယ်ဆိုတာက နောက်ဆက်တွဲ ” လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
လောလောဆယ်မှာ မိုင်းတုံ NLD ရုံးကို တန်ဖိုးတွက်ချက်ပြီး ပြန်လည်တင်ပြရန်သာ ညွှန်ကြားချက်ရှိပြီး ဘာဆက်လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်မရှိသေးဘူးလို့ ဆိုပါတယ်။
အဲ့ဒိရုံးကို ပါတီဝင်တွေရဲ့ ထည့်ဝင်ငွေတွေနဲ့ ၂၀၁၈ ခုနှစ်က စာချုပ်စာတမ်းနဲ့ဝယ်ယူထားတာလို့ အဲဒီမြို့ရဲ့ NLD ပါတီဝင်တချို့က ပြောပါတယ်။
မိုင်းတုံ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဟာ အာဏာသိမ်းစက စစ်ကောင်စီကဖမ်းဆီးကာ ထောင်နှစ်နှစ်ချခံခဲ့ရသလို အခြားပါတီဝင် ခြောက်ဦးကိုလည်း PDF တွေကို ထောက်ပံ့တယ်ဆိုကာ ၂၀၂၂ ခုနှစ်က ထောင်ဒဏ် ၁၅ နှစ်စီ ချခံထားရတယ်လို့ သိရပါတယ်။
နိုင်ငံတဝှမ်းမှာရှိတဲ့ NLD ရုံးတွေကို စစ်ကောင်စီက ချိတ်ပိတ်တာနဲ့ ဗုံးပေါက်ကွဲတာတွေရှိနေချိန်မှာ မိုင်းတုံ NLD ရုံးကို တန်ဖိုးတွက်ချက်ခိုင်းတာဟာ တစ်ခုတည်းသော ထူးခြားဖြစ်စဉ် ဖြစ်ပါတယ်။
MK-012
#MekongNews
#NLDရုံး
#မိုင်းတုံ
#တန်ဖိုးတွက်
#နောက်ဆက်တွဲ








