မဲခေါင်၊ ဇူလိုင် ၁၈
ရှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ ဇူလိုင်လ ၁၄ ရက်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွာခဲ့တယ်လို့ ရွာငံ PDF-JPRF က တိုက်ပွဲထုတ်ပြန် ကြေညာချက် ထုတ်ပြန်လာတာ သိရပါတယ်။
ရွာငံ PDF စခန်းဘက်ကို စစ်ကောင်စီတပ် အင်အား ၁၈၀ ခန့် စစ်ကြောင်းထိုးလာပြီး အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရေချမ်းရွာမှာ လက်နက်ကြီးအထိုင်ချပြီး စစ်ကြောင်းထိုးလာတာဖြစ်လို့ ၁ နာရီခွဲခန့် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားဒခဲ့ပြိး ရွာငံ PDF ကတော့ အကျအဆုံး အထိအခိုက် မရှိဘူးလို့ သိရပါတယ်။


တိုက်ပွဲကို စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်က ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ JPRF စစ်သင်တန်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လေ့ကျင့်ရေးလက်လုပ်သေနတ်နဲ့ လက်လုပ်မိုင်းတွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
အသေးစိတ်အချက်အလက်တွေ ရရှိဖို့ JPRF ကို ဆက်သွယ်ထားပေမယ့် လတ်တလော အကြောင်းပြန်တာ မရှိသေးပါဘူး။ JPRF က လူမှုကွန်ရက်မှာ ဖော်ပြထားတဲ့ ရွာငံပွဲဆိုတဲ့ ရုပ်သံမှာတော့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးနေတဲ့ အလောင်းတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။
တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်တဲ့ ဒုရဲအုပ် ၁ ယောက်နဲ့ စစ်ကောင်စီ တပ်သား ၁ယောက် အောင်ပန်း ခုတင် ၇၀၀ မှာ ဆေးကုသနေဆဲလို့ အခြားဒေသသတင်းရင်းမြစ်အရ သိရပါတယ်။
အခြားမြေပြင်သတင်းအရ ဇူလိုင် ၁၅ ရက်မှာ ပိတုန်းကိန်း ဆတ်သေဘက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိအခိုက်များတယ်လို့ ပြောပေမယ့် JPRF က သတင်းထုတ်ပြန်ချက်မရှိသေးလို့ အသေးစိတ်မသိရသေးပါဘူး။
ဇူလိုင် ၈ ရက်မှာတော့ အောင်ပန်းတနေရာမှာ တိုက်ပွဲဖြစ်လို့ အပြန်အလှန်ပစ်ကြရာမှာ ရဲဘော် ၁ ဦးထိမှန်ခဲ့သလို စစ်ကောင်စီဘက်ကစရဖ ဗိုလ်မှူးရဲ့ လက်မောင်းကိုလည်းထိမှန်ခဲ့တယ်လို့ ဒေသသတင်းအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ ရွာငံမြို့နယ် ရေချမ်းကျေးရွာနဲ့ ဝက်ကဘူးကျေးရွာ လမ်းပိုင်းတနေရာမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ဂျိုးဖြူ ရွာငံ PDF-JPRF ဟာ တိုက်ပွဲတွေအတွက် ကျည်တွေအရေးပေါ်လိုအပ်နေတယ်လို့ လူမှုကွန်ရက်ကနေတဆင့် အကူအညီတောင်းခံနေတာ သိရပါတယ်။
MK-012








