မဲခေါင် ၊ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ဗိုလ်မှူးချုပ် ၆ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀၀ နီးပါး ခွေးတစ်ကောင် ကြောင်တစ်မြီးမကျန် ဇန်ဝါရီ ၅ ရက်မှာ လက်နက်ချလိုက်ပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာလိုက်ပါတယ်။
ဒါကြောင့် ကိုးကန့်ဒေသတခုလုံးမှာ စစ်ကောင်စီတပ်တွေ မရှိတော့တဲ့အတွက် စစ်ကောင်စီကင်းစင်နယ်မြေလို့လည်း ကြေညာလိုက်ပါတယ်။
“ဇန်နဝါရီလ (၅) ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတိုမှ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်သည်။ ဤမြင်ကွင်းမှာ “မြန်မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်သည်” လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောပါတယ်။
လက်နက်ချအညံ့ခံသူများ အားလုံးထဲမှာ အရာရှိ (၂၂၈) ဦးပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆) ဦးပါဝင်ကာ ရဲဘော်မှ အခြားအဆင့်ရှိသူ (၁၈၉၅) ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထိုအတူ ၎င်းတိုရဲ့ မိသားစုဝင်အားလုံး စုစုပေါင်း (၁၆၀၁) ဦးလည်း ပါဝင်တယ်လို့ဆိုပါတယ်။
နောက်ဆက်တွဲအနေနဲ့ ပွိင့် (၂၀၂၂) လို့ လူသိများတဲ့ ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” မှ စစ်ကောင်စီတပ်ဖွဲဝင် (၂၆၆) ဦးကလည်း မဟာမိတ်အဖွဲ့ထံ နောက်ဆုံးအသုတ်အနေနဲ့ လက်နက်ချခဲ့တာကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်း (၂၃၈၉) ယောက်အထိရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ယနေ့ လက်နက်ချအညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) အား စစ်ကူပေးရန်ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံရှိ တပ်မ၊ တပ်ရင်းများအစုံထဲမှ တစ်ယောက်မကျန်ပါဝင်ခဲ့သည်။ ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်သည်။” လို့ ညီနောင်မဟာမိတ်အဖွဲ့ကပြောပါတယ်။
လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးကို ၎င်းတို့သွားချင်တဲ့နေရာ နဲ့ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ဆိုပါတယ်။
ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလရဲ့ ၇၁ ရက်မြောက်နေ့ဟာ အထွတ်အထိပ် စိတ်အလှုပ်ရှားဆုံးနေ့တရက်ဖြစ်ခဲ့ပြီး မြန်မာပြည်သူပြည်သားများအတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ အကောင်းဆုံးသော နှစ်သစ်လက်ဆောင်မွန်ကောင်းဖြစ်လိမ့်မယ်လို့ အပြည့်အဝယုံကြည်တယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး ယခုထက် ကောင်းမွန်လှပတဲ့ အနှစ်သာရအရှိဆုံး လက်ဆောင်မွန်ကောင်းတွေကို ထပ်မံပေးအပ်နိုင်ရန်အတွက် ညီနောင်မဟာမိတ်အဖွဲ့တို့အနေနဲ့ အကောင်းဆုံးကြိုးစားနေတယ်လို့လည်း အသိပေးထားပါတယ်။
စစ်ဆင်ရေးကာလအတွင်း လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညီနောင်မဟာမိတ်အဖွဲ့က ကောင်းစွာကြိုဆိုလက်ခံတာကြောင့် စစ်ဆင်ရေးကာလအတွင်း တပ်ရင်းအလိုက် လက်နက်ချအညံ့ခံကြတဲ့ ဖြစ်ရပ်များ ၊ တပ်ရင်းအလိုက် ပြည်သူ့ရင်ခွင်အတွင်သို့ ဝင်ရောက်ခိုလှုခဲ့ကြတဲ့ ဖြစ်ရပ်များ ရှိခဲ့ပါတယ်။
လက်နက်ချအညံ့ခံတဲ့သူများနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံကြတဲ့သူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို မိမိတို့ထံ လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုံလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ကဆိုပါတယ်။
CJ002
#MeKongNews
#ကိုးကန့်
#လက်နက်ချ
#စစ်ကောင်စီ
#ပြန်ပို့
#MNDAA








