မဲခေါင်၊ နိုဝင်ဘာ ၃၀
ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၊ ဖြူးမြို့ အနီးက ဘန်းလောင်းကျေးရွာကို စစ်တပ် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ရာ နေအိမ် ၆ လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ KNU က ဒီကနေ့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၈ ရက်၊ ည ၉ နာရီခွဲကျော်မှာ ဘန်းလောင်းကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့၊ ညနေပိုင်းကလည်း မူးမြို့နယ်၊ ကြာအင်းကျေးရွာကို Lot F – 57 ၊ Rocket ၃ လုံး ပစ်ခတ်ခဲ့ တာကြောင့် ကျေးရွာထဲနေ အသက် ၃၅ နှစ်နဲ့ အသက် ၄၆ အရွယ် အမျိုးသမီး ၂ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့ ပါသေးတယ်။
စစ်ကောင်စီတပ်ဟာ မူးမြို့နယ်၊ လယ်ဒိုမြို့နယ်နဲ့ ဆောထိမြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေရှိပြီး မြို့ပေါ် ဈေးသွားဝယ်တဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ အတင်းအဓမ္မ ပစ္စည်း သိမ်းယူတာနဲ့ ငွေကြေး တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-009
#MeKongNews
#ဖြူးမြို့နယ်
#Rocket
#ဗုံးကြဲ










