မဲခေါင်၊ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်၊ ရပ်ကွက် (၃) ရှိ ကုန်စုံဆိုင်တစ်ခုတွင် အမျိုးသားလူငယ်တစ်ဦးက စလော့ဂိမ်းဆော့ရန် ငွေလိုသဖြင့် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားပြတိုက်သည့် အမျိုးသားလူငယ်မှာ စလော့ဂိမ်း အလွန်အမင်း ကစားသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူ့ကိုမိတော့ စလော့ဂိမ်းကစားတာ ငွေလိုလို့ လုပ်တာလို့ပြောတယ်” ဟု ၎င်းက ပြောသည်။
ဓားပြတိုက်မှုဖြစ်ပွားစဉ် ဆိုင်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှ ယင်းအမျိုးသား၏ မျက်နှာတွင် စည်းနှောင်အုပ်ထားသည့် ပုဝါ ကျွတ်ထွက်သွားခဲ့သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ဆိုင်ရှင်က မှတ်မိသွားကာ TNLA ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဓားပြတိုက်သူ TNLA ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဗဟန်းမြို့နယ်၌ အွန်လိုင်းစလော့ဂိမ်းရှုံး၍ ငွေလိုအပ်နေသဖြင့် အိမ်ရှင်အမျိုးသမီးအား သတ်ဖြတ်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
ဇူလိုင် ၃ ရက် နံနက်ပိုင်းကလည်း အောင်ပန်း-ကလောလမ်းခွဲ Toll Gate အကျော်၌ ၁၂ ဘီးယာဉ်ပေါ်တွင် အမှတ် (၁) ရပ်ကွက်၊ ညောင်ရွှေမြို့နေသူ ယာဉ်မောင်းတစ်ဦး ကုန်ဖိုးငွေများ စလော့ဂိမ်းရှုံးသဖြင့် ကြိုးဆွဲချသတ်သေမှု ဖြစ်ပွားခဲ့သေးသည်။
ရှမ်းပြည်ရှိ မြို့နယ်များတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်း၊ စလော့ဂိမ်းလောင်းကစား ပြုလုပ်ခြင်းများ တစ်နေ့တခြား ပိုမိုများပြားလာပြီး ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများကို အသက်ရန်ရှာသည်အထိ အကြမ်းဖက် လုယက်သတ်ဖြတ်လာကြသဖြင့် အခြေအနေ ပိုမိုဆိုးရွားလာနေလျက်ရှိသည်။
#MeKongNews
#နမ္မတူ
#စလော့ဂိမ်း
#ဓားပြတိုက်
#ကုန်စုံဆိုင်








