မဲခေါင်၊ စက်တင်ဘာ ၃
တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery (M.B.,B.S)] အတွက် ဝင်ခွင့်လျှောက်လွှာများကို စတင်ခေါ်ယူနေသည်ဟု THCက သတင်းထုတ်ပြန်သည်။
ဆေးကျောင်း တက်ရောက်ရန် လျှောက်ထားသူများသည် သိပ္ပံဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) Grade -12 အောင်မြင် ပြီးမြောက်ထားသူများ၊ GED (General Education Development) (သို့မဟုတ်) GCSE (International General Certificate of Secondary Education) အောင်မြင်ထားသူများဖြစ်ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဘာသာရပ်အလိုက် အမှတ်အဆင့်များ ပြည့်မှီရမည်ဟုဆိုသည်။
Tealand Institutes of Health-TIH သည် တအာင်းဒေသအတွင်းရှိ ပြည်သူလူထုများအတွက် အရည်အသွေးပြည့်မှီပြီး စိတ်ချလုံခြုံသည့် ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရေးအတွက် အရည်အချင်းပြည့်ဝသော ဆေးပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးရန် ရည်ရွယ်၍ ယခုဆေးပညာဘွဲ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ဆေးပညာဘွဲ့ သင်တန်းကာလအနေဖြင့် စာသင်နှစ် ၆ နှစ်နှင့် အလုပ်သင်ကာလ ၁ နှစ် စုစုပေါင်း ၇နှစ်ကြာမြင့်မည်ဖြစ်ပြီး ပညာသင်နှစ်ပြီးဆုံးပါက ဆေးပညာဘွဲ့ (M.B.,B.S) ဘွဲ့ဒီဂရီ ပေးအပ်သွားမည်ဖြစ်ကာ တအာင်းပြည် (သို့မဟုတ်) TIH ၏ သတ်မှတ်ထားသည့်ဒေသများတွင် အနည်းဆုံး ၃ နှစ်တာဝန်ထမ်းဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အဆိုပါဝင်ခွင့်လျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ ၁၈ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး TIH ၏ Facebook Page Messenger မှ Application Form (Google Link) တောင်းခံ၍ လျှောက်ထားနိုင်သည်ဟုဆိုသည်။
#MeKongnews
#တအာင်း
#ကျန်းမာရေးကောင်စီ
#ဆေးပညာဘွဲ့
#THC
#TIH








