မဲခေါင်၊ ဩဂုတ် ၂၇
ဗဟိုဌာနချုပ်ကို ငွေသိန်းတစ်ထောင် သွင်းရမည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုတွင် တစ်အိမ် ၂ သောင်းကျပ် ဆက်ကြေးကောက်ခံနေသည်ဟု ဒေသခံများကပြောသည်။
ယခင်က တစ်လတစ်သောင်းကျပ် ဆက်ကြေးကောက်ခံနေရာမှ ယခု ဩဂုတ်နှင့် စက်တင်ဘာလကိုမူ ၂ သောင်းကျပ် ကောက်ခံလာခြင်းဖြစ်ပြီး ယင်းငွေများကို PNO ပြည်သူ့စစ်က ရွာသူကြီးများမှတစ်ဆင့် ကောက်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
“နောက်လကုန်ဆို ဗဟိုကို သိန်း ၁၀၀၀ သွင်းရမှာတဲ့ တစ်အိမ် တစ်သောင်းက မလောက်တဲ့အတွက် ဒီ၂လစာကိုတော့ တအိမ် ၂သောင်းထည့်ရမယ်တဲ့ ရွာသူကြီးက အဲ့လိုပြောတယ်။ PNO က ကောက်ခိုင်းတာပေါ့၊ ငွေကိုလည်း PNOတာဝန်ခံ ဦးဘိဆီသွင်းရမယ်တဲ့”ဟု နောင်ကျောဒေသခံတစ်ဦးက ပြောသည်။
ယခင်လများတွင် တစ်လ တစ်သောင်းကျပ်သာ ကောက်ခံသော်လည်း ယခု ၂ လစာကိုမူ ဗဟိုကို ငွေသွင်းရမည်ဟု အကြောင်းပြပြီး PNOက ၂ သောင်းကျပ် ဆက်ကြေးကောက်လာခြင်းဖြစ်သည်ဟု နောင်ထောဝ်ဒေသခံတစ်ဦးကပြောသည်။
“အရင်က တစ်လတစ်သောင်းပဲ၊ အခုက ၂သောင်းကောက်လာတယ်။ ငွေရှိတဲ့သူတွေကတော့ ဘာမှမဖြစ်ပါဘူး။ နောင်ထောဝ်မှာက စစ်ရှောင်ရင်း ဘဝပြန်စရတဲ့လူတွေလည်းရှိတော့ သူတို့အတွက်တော့ ခက်ခဲမှာပေါ့။ နေ့စားလိုက်တာ တရက် တစ်သောင်းခွဲပဲရတယ်လေ”ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။
နောင်ကျောကျေးရွာအုပ်စုတွင် နေထိုင်သူများသည် PNO ပြည်သူ့စစ်အား လစဉ်ကြေး တစ်အိမ် တစ်သောင်းကျပ်၊ ၆ လတစ်ကြိမ် အိမ်ခွန် ၅သောင်းကျပ်၊ တစ်နှစ်တစ်ကြိမ် စစ်မှုထမ်းကြေး ၅ သိန်းကျပ် ၊ ဆိုင်ခွန် ၅သောင်းကျပ်မှ ၃ သိန်းကျပ်၊ ပွဲရုံခွန် ၅သိန်းမှ ၁၀ သိန်းကျပ်၊ ကားခွန် ကားအမျိုးအစားအလိုက် တစ်စီး တစ်သိန်းကျပ်မှ ၅ သိန်းကျပ်စသည့်အခွန်အမျိုးမျိုးကို ထည့်ဝင်ရသည်။
ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုသည် အိမ်ခြေ ၂၀၀၀ ကျော်ရှိပြီး ရှမ်း-ကရင်နီနယ်စပ်တွင်ရှိသဖြင့် စစ်ဘေးဒဏ် သင့်ခဲ့သည့် ကျေးရွာအုပ်စုလည်းဖြစ်သည်။ ထို့အပြင် ရွာကြီးငယ်အလိုက် တစ်ကြိမ်လျှင် ရွာတစ်ရွာကို ၅ ဦးမှ ၁၀ ဦးအထိ PNO ပြည်သူ့စစ်က တပ်သားသစ်စုဆောင်းခြင်းကိုလည်း ခံရသည့်ကျေးရွာအုပ်စုဖြစ်သည်။
#MeKongNews
#ပြည်သူ့စစ်
#ဗဟို
#ဆက်ကြေး
#ဗဟိုဌာန
#PNO








