မဲခေါင်၊ ဩဂုတ် ၂၆
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့ ဆေးရုံကြီးမှ ဝန်ထမ်းအချို့ ငွေတောင်းကြမ်းပြီး အကျင့်ပျက်ခြစားနေကြောင်း ပြည်သူတစ်ဦးက မဲခေါင်သို့ သတင်းပေးပို့လာသည်။
လားရှိုးဆေးရုံကြီး အရိုးကုသဆောင်မှ သူနာပြုဆရာမကြီး ဒေါ်လွင်လွင်ကျော်က လူနာ ၁ ဦးချင်းစီတိုင်းကို ငွေကျပ် ၁၂ သိန်း ကောက်ကြောင်း၊ ခွဲစိတ်ကုသဆောင်က သူနာပြုဆရာမကြီး ဒေါ်ခမ်းစိန်က လူနာ ၁ ဦးချင်းစီအပေါ်မှ ၄၅၀၀၀၀ ကျပ် ကောက်ပြီး ဆေးရုံဆင်းခ ကျပ်တစ်သိန်း ထပ်ကောက်ကြောင်း၊ လားရှိုးဆေးရုံကြီး အရိုးဆောင်က ခြေထောက် လက် ကျိုးရင် စတီးချောင်းဖိုး ၁၂ သိန်းအထက် ကောက်ခံပြီး လက်ချောင်း ခြေချောင်း ကျိုးရင် ၂ သိန်းအထက် ရှိသည်ဟု သတင်းပေးသူက ပြောသည်။
“ဆေးရုံက ဆေးမပေးဘဲ အပြင်က ယူရောင်းတာဆိုပြီး ဆေးဖိုး အနည်းဆုံး ၅ သောင်းအထက် တောင်းတယ်၊ ပြည်သူ့ဆေးရုံကြီးပဲ၊ စတီးချောင်းဖိုး မဖြစ်မနေ ကောက်မယ်ဆိုလည်း ၃ သိန်းလောက်ဆို တော်ရောပေါ့၊ စတီးချောင်းဖိုး ၁၂ သိန်းအထက်က အဆမတန် စီးပွားရှာနေသလိုပဲ၊ ကျောက်မဲမြို့နယ်က ရော်ဘာခြံလုပ်သား ဦးဇော်ဝင်းထွန်းဆိုရင် ချော်လဲပြီး ခြေထောက်အရိုးကျိုးတာကို စတီးချောင်းဖိုး ၁၂ သိန်း ကောက်လို့ လူနာက မတတ်နိုင်လို့ ၄ ရက်လောက် ဒီအတိုင်း နေလိုက်ရတယ် ပြောတယ်၊ ၄ သိန်းနဲ့ လုပ်ပေးမယ် ထပ်ပြောပြီး ကုပေးလိုက်တယ်” ဟု ဆိုသည်။
လူနာ ၁ ယောက် အရိုးကျိုးလို့ စတီး ၁ ချောင်း ၁၂ သိန်းနှုန်းဆို ၁ ရက်မှာ ၁ ယောက်နှုန်း၊ ၁ လမှာ လူနာ ၃၀ ဦးကို ၁၂ သိန်းနှုန်းဖြင့် ၃၀ ဦးဆိုရင် သိန်းပေါင်း ၃၆၀ ကျပ် ရပြီး၊ တစ်နှစ်လုံး ၁၂ လမှာ သိန်းပေါင်း ၄၃၂၀ ကျပ် ရမည်ဟု တစ်ရက်ကို လူနာ ၁ ဦးနှုန်းပဲ တွက်ပြီး ပြောခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပြည်သူ့ဆေးရုံပဲ၊ လူနာ ရှိရှိ၊ မရှိရှိ အဆင်ပြေအောင် ကုသပေးရမှာ မဟုတ်ဘူးလား၊ ကျောက်ပတ်တီး စည်းရင်လည်း တစ်ဈေးရှိတယ်၊ ပြည်သူ့ဆေးရုံမှာ ကိုယ်ပိုင်ဆေးရုံလို စီးပွားရှာနေတယ်၊ အဲဒီ ဝန်ထမ်း ၂ ဦးကို ဖြုတ်တာမျိုး ပြောင်းတာမျိုး အလုပ်ထွက်တာမျိုး ပြုလုပ်ပေးပါလို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
၎င်းအပြင် အဆိုပါ ဆရာမများသည် ဆေးရုံဝင်းထဲမှ ဖျားနာကုသဆောင် အကွေ့တွင် လိုင်စင်မဲ့ without ကားများ ရပ်ထားကာ ရောင်း၊ ဝယ်ကြသလို အဆိုပါ ကားများဖြင့် အရိုးဆောင်သို့ သွားလာနေပြီး လိုင်စင်မဲ့ကား ရောင်းဝယ်ကာ စီးပွားရှာနေကြသည်ဟု ဆိုသည်။
#MeKongNews
#လားရှိုး
#ဆေးရုံကြီး
#ဝန်ထမ်း
#စစ်ကောင်စီ








