မဲခေါင်၊ ဩဂုတ် ၁၈
“ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃၁ ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ထပ်မံလွဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့-UWSAက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။
ယခု လွဲပြောင်းပေးလိုက်သည့် တရားမဝင် တရုတ်နိုင်ငံသားများသည် မိမိသဘောဖြင့် သတ်မှတ်နေရာသို့ စာရင်းလာပေးသဖြင့် “ဝ”တပ်ဖွဲ့က တရုတ်ဘက်သို့ တရားဝင် ပြန်လည်လွှဲပြောင်းပေးသည့် သူများဖြစ်သည်ဟု “ဝ”တပ်ထုတ်ပြန်ချက်အရ သိရသည်။
ဩဂုတ် ၁၀ ရက်တွင်လည်း “ဝ”တပ်ဖွဲ့သည် တရားမဝင် တရုတ် ၂၂ ဦးကို နယ်စပ်ဂိတ်မှ တဆင့် တရုတ်ရဲလက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ထို့အပြင် ဩဂုတ် ၁၅ ရက်တွင်လည်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ၁၇ ကီလိုကျော်ကို “ဝ”တပ်ဖွဲ့က တရုတ်နိုင်ငံဘက်သို့ ပြန်လည်လွဲပြောင်းပေးခဲ့သေးသည်။
“ဝ”တပ်ဖွဲ့အနေဖြင့် “ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို တရုတ်ဘက်သို့ ပြန်လည်ပို့ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်အတွင်း တရားမဝင် တရုတ် ၁၁၅၃ ဦးကို ပြန်လည်ပို့ဆောင်ပြီးဖြစ်သည်။
၂၀၂၀ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်ကျော်အတွင်းတွင်မူ “ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၈၈,၆၀၈ဦးအား “ဝ”တပ်ဖွဲ့မှ တရုတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်ဟု “ဝ”တပ်ဖွဲ့ကဆိုသည်။
“ဝ”တပ်ဖွဲ့-UWSA အနေဖြင့် တရားဝင်စာရွက်စာတမ်းမရှိသော တရုတ်နိုင်ငံသားများအတွက် နေရပ်ပြန်ရေး စာရင်းပေးသွင်းနိုင်သည့် လမ်းကြောင်းကို ဆက်လက်ဖွင့်လှစ်ထားပေးလျက်ရှိပြီး တရားမဝင် တရုတ်များ နေရပ်ပြန်ရေး လှုံ့ဆော်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်နေသည်ဟုဆိုသည်။
နေရပ်ပြန်လိုသည့် တရားမဝင် တရုတ်များအနေဖြင့် သတ်မှတ်ထားသော နေရာသို့ စာရင်းပေးသွင်းပြီးနောက် နောက်တစ်နေ့တွင် “ဝ”တပ်ဖွဲ့ ဝန်ထမ်းများက တရုတ်-မြန်မာ နယ်စပ်ဂိတ်အထိ လုံခြုံစွာ ပို့ဆောင်ပေးကာ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်များအနေဖြင့် နေရပ်ပြန်ရောက်ပြီးနောက် “ဝ”ဒေသသို့ ပြန်လည်ဝင်ရောက်လိုပါက တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကာ ပြန်လည်ဝင်ရောက်ကြရန်လည်း “ဝ”တပ်က တိုက်တွန်းထားသည်။
#MeKongNews
#ဝတပ်ဖွဲ့
#တရုတ်
#နယ်စပ်ဂိတ်
#ပြန်ပို့








