မဲခေါင်၊ ဇူလိုင် ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ TNLA ချုပ် နမ္မတူမြို့တွင် အကျင့်စာရိတ္တ ပြန်လည်ပြုပြင်ရေးအစီစဉ်ကို (၆)လကြာ အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား ၁၄ဦးနှင့် အမျိုးသမီး ၁ဦးတို့ကို မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
၎င်းတို့ကို ရဲတပ်ဖွဲ့မှ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းတွင် (၆) လကြာ ပြန်လည်ထိန်းကျောင်းခြင်း၊ အသိပညာပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ရေးအစီအစဉ်များကို ခံယူခဲ့ကြပြီး ပြီးခဲ့သည့် ဇူလိုင် ၆ ရက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၉ ဦး၊ ဇူလိုင် ၂၂ရက်တွင် ၆ ဦး ပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။
PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပထမအကြိမ် ဖမ်းဆီးရမိပါက အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းတွင် (၆) လကြာ ပို့ဆောင်ထိန်းကျောင်းပြီး၊ ကတိဝန်ခံချက်ဖြင့် လွတ်ပေးပြီး မူးယစ်ဆေးဝါး ပြန်လည်သုံးစွဲကြောင်း ထပ်မံစစ်ဆေးတွေ့ရှိပါက သက် ဆိုင်ရာဥပဒေပုဒ်မ (ခ) အရ ၂ နှစ်မှ ၃ နှစ်အထိ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းသို့ ပို့ဆောင်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ရက်နေ့ကလည်း မိုင်းဝီးမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၏ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးအစီအစဉ် ပြီးမြောက်ခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား ၂ ဦးအား မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သေးသည်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။
#MeKongNews
#နမ္မတူ
#မူးယစ်ဆေးဝါး
#တအာင်းတပ်
#TNLA
#မိသားစု








