မဲခေါင်၊ ဇူလိုင် ၂၇
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ခေတ္တခဏသာ မိုးရွာသွန်းသော်လည်း အနိမ့်ပိုင်းရပ်ကွက်များတွင် ရေလျှံမှု ဖြစ်ပွားခဲ့သည်။
ယနေ့ ဇူလိုင် လ ၂၇ ရက် နေ့လယ်ပိုင်းက နာရီဝက်ခန့် ရွာသွန်းခဲ့သည့်မိုးကြောင့် တာလော့၊ ပုန်းထွန်၊ ဆန်ဆိုင်း၊ မကာဟိုခမ်း ၊ မယ်ခေါင်သည့်အနိမ့်ပိုင်း ရပ်ကွက်များတွင် လမ်း များပေါ် ရေလျှံကာ အိမ်အချို့၌ ရေဝင်ရောက်မှုဖြစ်ပွားနေကြောင်း သိရသည်။
“တာချီလိတ်ရေကြီးတာကတော့ ကုမရတဲ့ရောဂါလိုဖြစ်နေပြီ၊ ခဏလေးရွာလည်း ရေကြီးတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
မယ်ဆိုင်ချောင်းရေ မှာလည်း စိုးရိမ်ရေမှတ် ၃၉၀ သို့မရောက်သော်လည်း ချောင်းရေတက်လာနေသည်ကို ရေတံခါးများနှင့်ထိန်းထားသည့်အတွက် အတက်မကြမ်းသော်လည်း ရေဝင်ရောက်မှုကမူ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“မယ်ဆိုင်ချောင်းရဲ့မြစ်ဖျားအစ မိုင်းတွမ်း လွိုင်ဆမ်ဆုံ တောင်မှာ မိုးရွာရင် ချောင်းရေကြီးတာပဲ” ဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။
တာချီလိတ်မြို့အတွင်း ပုန်းထွန်ရပ်ကွက်၌ရေထိန်းတံခါး ၄ ခု၊ တာလော့ရပ်ကွက်မှာ ရေထိန်းတံခါး ၂ခု၊ မယ်ခေါင်ရပ်ကွက်မှာ ရေထိန်းတံခါး ၁ ခုရှိပြီးမယ်ဆိုင်ချောင်းရေ စိုးရိမ်ရေအမှတ်ထက်ကျော်လာပြီး ချောင်းရေများမြင့်တက်လာပါက ရေကြီးရေလျှံမှုနည်းအောင် ရေထိန်းတံခါးကို ဖွင့်/ပိတ် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါရပ်ကွက်များတွင် ရေထိန်းတံခါးအဖွင့်အပိတ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူးနှင့် ရေထိန်းတံခါးအနီးနေထိုင်သည့် ပြည်သူ ၃ ဦးတို့က ပြုလုပ်နေကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ရှမ်းအရှေ့
#မိုးရွာသွန်း
#ရေလျှံ








