မဲခေါင်၊ ဇူလိုင် ၁၇
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့အုပ်စု တောင်နီကျေးရွာရှိ ဆိုင်ကယ်အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်တစ်ဆိုင်ကို စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က တရားမဝင်ပစ္စည်းများ ရောင်းချနေသည်ဟုဆိုကာ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။
မှုခင်းနှိမ်နင်းရေးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၃ ရက်က အဆိုပါဆိုင်ကို ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံထုတ် တရားမဝင် ဆိုင်ကယ်အပိုပစ္စည်းများ တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသည့် ဆိုင်ကယ်အပိုပစ္စည်းများ၏ ကာလတန်ဖိုးမှာ ကျပ် ၆၄ သန်းကျော်ရှိပြီး ဆိုင်တာဝန်ခံဖြစ်သူ ဉာဏ်လင်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
“တရားမဝင်ပစ္စည်းတွေကို ဥပဒေအရ အရေးယူတာက မှန်ပေမယ့် အခုလို ဝင်ရောက်ဖမ်းဆီးမှုတွေဟာ ကုန်သည်တွေအတွက် စိုးရိမ်မှုတွေ ပိုများလာစေတယ်။ ပစ္စည်းတွေ ဘယ်လိုဝင်လာတယ်၊ ဘယ်သူတွေက ခွင့်ပြုခဲ့တယ်ဆိုတာကိုလည်း သေချာစိစစ်ဖို့ လိုတယ်။ နယ်စပ်ကနေ ကုန်ပစ္စည်းတွေ ဝင်လာတာက နှစ်ပေါင်းများစွာရှိနေပြီ။ အခုမှ ဆိုင်တစ်ဆိုင်ကိုပဲ ရွေးပြီး ဖမ်းဆီးတာမျိုးဆိုရင် ပြည်သူတွေက မေးခွန်းထုတ်စရာ ဖြစ်နေတယ်” ဟု တောင်နီဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ဖမ်းဆီးခံရသောဆိုင်ရှင်ကို ရွှေညောင်နယ်မြေရဲစခန်း၌ ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#MeKongNews
#ဆိုင်ကယ်ဆိုင်
#ရှမ်းတောင်
#တောင်နီရွာ
#စစ်ကောင်စီ
#တရားမဝင်
#ဖမ်းဆီး








