မဲခေါင်၊ ဇူလိုင် ၁၀
“ဝ”တပ်ဖွဲ့ – UWSA ထိန်းချုပ်နယ်မြေ၊ မိုင်းပေါက်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေ ကျဆင်းပြီး ရေကြီး၊ ရေလျှံကာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
မဲခေါင်မှ ရရှိသည့် ရုပ်သံများတွင် မိုင်းပေါက်မြို့အတွင်း တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းနေကာ နေအိမ်များထဲ ရေဝင်နေပြီး လမ်းများပေါ်လည်း ရေလွှမ်းနေသဖြင့် ကားများသွားလာ၍ မရတော့ဘဲ အိမ်ရာများအတွင်း ပိတ်မိနေသူများကို ရေလွတ်ရာများသို့ ရာဘာစက်လှေများဖြင့် သယ်ယူ ပို့ဆောင်ပေးနေကြောင်း တွေ့ရသည်။
မိုင်းပေါက်တွင် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်မှ ယနေ့ထိ မိုးဆက်တိုက်ရွာသွန်းရာမှ ယမန်နေ့ညမှစ၍ တောင်ကျရေများ တလဟောကျဆင်းလာကာ မြို့လူနေရပ်ကွက်များအထိ ရေလွှမ်းကုန်သည်ဟု ဒေသတွင်းသတင်းဌာန WNL ကလည်း ဖော်ပြထားသည်။
ယမန်နှစ်က မိုင်းပေါက်နှင့် ပန်ဆန်းရေကြီးရေလျှံမှုများအတွင်း ပြည်သူ ၂ ဦးနှင့် ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦး သေဆုံးခဲ့ဖူးသည်။
#MeKongNews
#မိုင်းပေါက်
#မိုးရွာသွန်းမှု
#တောင်ကျရေ
#ရေကြီး








