မဲခေါင်၊ ဇူလိုင် ၇
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ်တွင် ရန်ကုန်နှင့် ဟဲဟိုးမှ ရောက်လာသည့် ပြည်တွင်းခရီးသွား မြန်မာနိုင်ငံသားများကို တရားဝင် ခရီးသွားခြင်း ဟုတ်၊ မဟုတ် ယမန်နေ့ ဇူလိုင် ၆ ရက်တွင် စစ်ကောင်စီ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းစစ်ဆေးမှုကို ယမန်နေ့ ဇူလိုင် ၆ရက် နံနက် ၁၀နာရီမှ ညနေ ၅ နာရီ ၄၅ မိနစ်အထိ လဝက၊ လေကြောင်းရဲ၊ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့နှင့် စစ်ဖက်ဆိုင်ရာထောက်လှမ်းရေး ပူးပေါင်းအဖွဲ့တို့က စစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ယင်းသို့ စစ်မေးပြီးနောက် မန်းရတနာပုံ၊ မင်္ဂလာ၊ မြန်မာ့အမျိုးသားနှင့် အဲသံလွင်လေ ကြောင်းလိုင်းများမှ ရောက်ရှိလာသူ ထိုင်းဘက်သို့ ဆက်သွားမည်ဟု ယူဆရသည့် မြန်မာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၉ ဦး စုစု ပေါင်း ၄၂ ဦးကို ဟောင်လိတ်နယ်မြေစခန်းတွင် ဆက်လက် စစ်ဆေးမေးမြန်းမှုများ လုပ်နေကြောင်း သိရသည် ။
“တာချီလိတ်မှာ ခဏနေပြီး ထိုင်းဘက်ကို သွားမယ်လို့ ယူဆသူတွေကို ခေါ်ထားတာ တွေ့ရတယ်။ အဓိကက တာချီလိတ်က တည်းမယ့်နေရာနဲ့ အဆက်အသွယ်ကို မေးတယ်။ ကျမက မိုင်းဆတ်သွားမှာဆိုတော့ မေးပြီး သွားခွင့်ပြုတယ်”ဟု ခရီးသွားတစ်ဦးက ပြောသည်။
ယင်းစစ်ဆေးမှုမှာ ပြည်တွင်းမှ ပြည်ပသို့ ထွက်ရန် ကြိုးစားသူများအနေဖြင့် ဗီဇာ၊ ပတ်စပို့များ မရှိဘဲ ယာယီတစ်ပတ်ကတ်ဖြင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ ဝင်ရောက်မှုများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာမှု တစ်ရပ်ဟု ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူတစ်ဦးက ပြောသည် ။
“ဗီဇာ၊ ပတ်စပို့နဲ့ လာသူတွေကတော့ ဖြေရှင်းနိုင်မှာပါ။ ပြန်ပို့တာလည်း ဖြစ်နိုင်တာပဲ၊ လမ်းကြောင်း ပိုကျပ်သွားတာပေါ့။ ခုက စီမံချက်ပုံစံမျိုး အစိုးရရက် ၁၀၀ အတွက် စစ်တာလို့ သိရတယ်။ အဓိက ပစ စစ်မှုထမ်းရှောင်တာကို စစ်တာ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ယမန်နေ့က စစ်ဆေးခံရသူများကို ယာယီတည်းခိုရမည့် နေရာများတွင် ခေတ္တထားရှိကာ စစ်ဆေးတွေ့ရှိရသည့် အခြေအနေများကို သက်ဆိုင်ရာ အထက်အဆင့်ဌာနများထံ တင်ပြပြီး လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ပြည်ပသို့ တာချီလိတ် – မယ်ဆိုင်လမ်းကြောင်းမှ ကူးပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်မည့်သူများ၊ ဘန်ကောက်မှတစ်ဆင့် တတိယနိုင်ငံသို့ သွားရောက်မည့်သူများ အထူးသတိထားရမည့် အခြေအနေဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သတိပေးလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် ပြည်ပထွက်ခွာခွင့်များကို နည်းမျိုးစုံဖြင့် ချုပ်ချယ် ကန့်သတ်လာရာမှ ယခုတွင်လည်း အစိုးရ ရက် ၁၀၀ အကြောင်းပြကာ ပြည်ပထွက်ခွာမည်ကို ပိုမိုတင်းကျပ်လာခြင်း ဖြစ်သည်။
ပြည်တွင်း နေထိုင်သူများအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာရာတွင် တာချီလိတ်သို့ ကားလမ်းဖြင့်ဖြစ်စေ လေယာဥ်ဖြင့်ဖြစ်စေ လာရောက်နေကြသည်ကို စစ်ကောင်စီက တင်းကျပ်စွာ စစ်ဆေးနေခြင်း ဖြစ်သည်။
#MeKongNews
#တာချီလိတ်
#လေယာဥ်
#တရားမဝင်
#သံသယရှိသူများ
#စစ်ဆေး








