မဲခေါင်၊ ဇွန် ၂၆
ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်အတွက် တရုတ် – မြန်မာ – ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် တရုတ်နိုင်ငံက အဆိုပြုလိုက်သည်။
ယနေ့ပြုလုပ်သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တာရစ်ရာမန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ တွေ့ဆုံရာတွင် ယင်းကဲ့သို့ အဆိုပြုခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံပြီးနောက် ဒုတိယမြောက်ခရီးစဉ်အဖြစ် ဇွန် ၂၂ ရက်တွင် စတင်ခဲ့သည့် ဝန်ကြီးချုပ် တာရစ် ရာမန်၏ ၄ ရက်ကြာ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသည် ကြီးမြတ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အရေးပါသောနေရာ၌ တည်ရှိနေသကဲ့သို့ ဘင်္ဂလားဒေ့ရှ်၏ တန်ဖိုးထားရပြီး ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံလည်းဖြစ်ကြောင်း ဝန်ကြီးချုပ် တာရစ်က ပြောကြားခဲ့သည်။
ထို့ပြင် ခေတ်သစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို မျှဝေခံစားရသော အနာဂတ်ရှိသည့် ဘင်္ဂလားဒေ့ရှ် – တရုတ် အသိုက်အဝန်းဟူသော အဆင့်သစ်တစ်ခုသို့ မြှင့်တင်နိုင်ခဲ့သည့်အပေါ် ၎င်းအနေဖြင့် ဝမ်းမြောက်မိကြောင်းလည်း ပြောဆိုခဲ့သည်။
#MeKongNews
#တရုတ်
#မြန်မာ
#ဘင်္ဂလားဒေ့ရှ်
#စီးပွားရေးစင်္ကြံ








