မဲခေါင်၊ ဇွန် ၂၆
ယနေ့ဇွန် ၂၆ ရက်တွင် ကျရောက်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ၂ နှစ်အတွင်း ဖမ်းဆီးရမိသည့် တန်ဖိုး ၂၀ ဘီလျံကျော်(သိန်းပေါင်း၂သိန်းကျော်)ရှိ မူးယစ်ဆေးဝါးများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA က မီးရှို့ဖျက်ဆီးလိုက်သည်။
ယင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို TNLA ထိန်းချုပ် နမ့်ဆန်မြို့နယ်ရှိ ပြည်သူများရှေ့တွင် အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခြင်းခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိထားသည့် ဘိန်းဖြူ ၁၀၈ ဒသမ ၇၄ ကီလိုဂရမ်၊ ယာမ စိတ်ကြွဆေးပြား ၆၁၆ ဒသမ ၃ ကီလိုဂရမ်၊ ဘိန်းမည်း ၁၉ ဒသမ ၄၀၉ ကီလိုဂရမ်တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး မြန်မာကျပ်ငွေ ၂၀ ဘီလျံကျော် တန်ဖိုးရှိသည်ဟု TNLA.၏ ထုတ်ပြန်ချက်အရသိရသည်။
PSLF/TNLA အနေဖြင့် ၂၀၁၂ ခုနှစ်မှစတင်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၃ နှစ်တာကာလအတွင်း ဘိန်းဖြူ ၇၀၀ ဒသမ ၁ကီလိုဂရမ်၊ ဘိန်းဖြူခဲ ၂၅ ကီလိုဂရမ်၊ ဘိန်းမည်း ၃၅၆ ဒသမ ၀၁ ကီလိုဂရမ်နှင့် ယာမစိတ်ကြွဆေးပြား၂,၆၀၂ ဒသမ ၃၆ ကီလိုဂရမ်တို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့ပြင် ၁၃ နှစ်ကာလအတွင်း ဘိန်းခင်း ၅၃၁၃ ဧကကို ဖျက်ဆီးနိုင်ခဲ့ကာ မူးယစ်ဆေးဝါးသုံးစွဲသူ တစ်သောင်းကျော် (၁၁,၃၃၇) ဦးကိုလည်း စနစ်တကျ အကျင့်စာရိတ္တ ပြုပြင်ပေးနိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ချက်တွင် ပြောသည်။
#MeKongNews
#ဖမ်းမိ
#မူးယစ်ဆေးဝါးများ
#TNLA
#မီးရှို့ဖျက်ဆီး
ဓာတ်ပုံ – ရွှေဖီမြေ








