မဲခေါင်၊ ဇွန် ၂၆
ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ မဲတန်းခရိုင်ရှိ လမ်းဘေးသစ်တောခြုံနွယ်များအတွင်း ဝှက်ထားသည့် မက်သာဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၈၉၆,၀၀၀ ခန့်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၃၃၅၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းအချက်အလက် ရရှိထားသဖြင့် သက်ဆိုင်ရာအာဏာပိုင်များက မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးတစ်ရပ်အဖြစ် ယင်းဒေသကို ဇွန်၂၃ ရက်နေ့ကတည်းက စောင့်ကြည့်ခဲ့ကြခြင်း ဖြစ်သည်။
ယမန်နေ့ ဇွန် ၂၅ ရက်၊ နံနက် ၃ နာရီခွဲခန့်တွင် အင်တာခင်းခရိုင်ခွဲ၊ ဘန်ပန်ကုဒ် ရွာအနီးရှိ လမ်းဘေးတောအုပ်ထဲတွင် သံသယဖြစ်ဖွယ် မီးလင်းနေသည်ကို အရာရှိများက သတိပြုမိခဲ့ကြသည်။
ယင်းနေရာသို့ အနီးကပ် သွားရောက်စစ်ဆေးစဉ် သံသယရှိသူ ၂ ဦးမှ ၃ ဦးခန့်သည် မှောင်ရိပ်ခိုကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။
ထို့နောက် ၎င်းနေရာတစ်ဝိုက်ကို ရှာဖွေရာတွင် မြက်ပင်များနှင့် ငှက်ပျောရွက်များအောက်တွင် ဝှက်ထားသည့် အပြာရောင်အိတ် ၃ အိတ်နှင့် ပလတ်စတစ်အိတ်အကြီး ၁ အိတ်တို့ကို တွေ့ရှိခဲ့ပြီး အိတ်များအတွင်းမှ စိတ်ကြွဆေးပြား ၈၉၆,၀၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ယင်းမူးယစ်ဆေးဝါးများသည် ဒေသတွင်း လှုပ်ရှားနေသည့် မူးယစ်မှောင်ခိုဂိုဏ်းထံသို့ ပို့ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း အရာရှိများက ယူဆထားကြသည်။
လောလောဆယ်တွင် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် မဲတင်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး ပတ်သက် ဆက်နွှယ်နေသူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် အာဏာပိုင်များက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Ref:Chaing Post
#MeKongNews
#ချင်းမိုင်
#လမ်းဘေးခြုံ
#စိတ်ကြွဆေးပြား
#သိမ်းဆည်းမိ








