မဲခေါင်၊ ဇွန် ၂၂
တိုက်ပွဲဝင်ရန်အသင့် လေ့ကျင့်မှုများကို ယခုသီတပ်ပတ်အတွင်း ထိုင်ဝမ်စစ်တပ်က ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားပြီး ယင်းမှာ စစ်ရေးလေ့ကျင့်မှုများကို ပို၍ သဘာဝကျသော လေ့ကျင့်မှုများဖြစ်ရေးကို အာရုံစိုက်သည့် ခေတ်မီတိုးတက်ရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ချက်ချင်း တိုက်ပွဲဝင်ရန် အသင့်လေ့ကျင့်မှုကို တနင်္လာနေ့ မှ သောကြာနေ့အထိ ကျင်းပသွားမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့မှာ လက်နက်ကိုင်တပ်ဖွဲ့များအတွက် ပူးပေါင်းစစ်ဆင်ရေးဆိုင်ရာ နှစ်စဉ်ပြုလုပ်သည့် လေ့ကျင့်မှုအစီအစဉ်တွင် ပါဝင်ကြောင်း ဆက်ပြောသည်။
စစ်ရေးလေ့ကျင့်မှုများ၏ အဓိက ရည်ရွယ်ချက်မှာ စစ်တပ်၏ အဆင့်အားလုံးမှ တပ်ဖွဲ့များသည် တပ်ဖွဲ့များ အမှန်တကယ် ဖြန့်ကြက်သော အဆင့်တွင် တိုက်ပွဲဝင်အလေ့အကျင့်များ၊ တိုက်ပွဲနယ်မြေပတ်ဝန်းကျင်နှင့် ရင်းနှီးနေစေရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်က ပြောကြားသည်။
ယခုစစ်ရေးလေ့ကျင့်မှုများဖြင့် စစ်ဘက်၏ ငြိမ်းချမ်းသောကာလမှ စစ်ပွဲကာလသို့ အလျင်အမြန် ကူးပြောင်းနိုင်စွမ်းကို အားကောင်းလာစေမည်ဖြစ်ကာ ထိုအတွက်လည်း တပ်ဖွဲ့ဝင်အစစ်များ၊ မြေပြင်အနေအထား အစစ်အမှန်များ၊ ပစ္စည်းကိရိယာအစစ်များကို လက်တွေ့အကောင်အထည်ဖော်မှုများဖြင့် လေ့ကျင့်သွားမည်ဟု ပြောကြားသည်။
စစ်ရေးလေ့ကျင့်မှုများသည် ကွပ်ကဲမှုယန္တရားများ၊ တပ်ဖွဲ့များ၏ တိုက်ပွဲဝင်စွမ်းရည်များကို မြှင့်တင်ပေးမည်ဖြစ်ကာ ပူးတွဲစစ်ဆင်ရေး ဆင့်ကဲကွပ်ကဲရေးနှင့် ထိန်းချုပ်ရေး၊ စက်ပစ္စည်းနှင့် သယ်ယူပို့ဆောင်မှု ရေရှည်ထိန်းနိုင်ရေး၊ စစ်မြေပြင် ပြင်ဆင်ဆောင်ရွက်မှုများကို အဓိကထားသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ထိုင်ဝမ်ကျွန်းအနီးတဝိုက် ကောင်းကင်ယံသို့ ကြီးမားသော လေယာဉ်အုပ်စုကို တရုတ်နိုင်ငံက စေလွှတ်လိုက်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည့် ယမန်နေ့မှာပင် လေ့ကျင့်မှုအကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
တရုတ်က စေလွှတ်လိုက်သော လေယာဉ်အုပ်စုတွင် J-16 တိုက်လေယာဉ်များ၊ KJ-500 စောစောစီးစီးသတိပေးထိန်းချုပ်ရေးလေယာဉ်များ၊ Y-20 ဆီဖြည့်လေယာဉ်များ ပါဝင်ကြောင်း သိရသည်။
အေးကျော်
Ref:Reuters
#MeKongNews
#တိုက်ပွဲဝင်အသင့်
#စစ်ရေးလေ့ကျင့်မှု
#ထိုင်ဝမ်
#ပြုလုပ်








