မဲခေါင်၊ ဇွန် ၁၇
ဓနုလူမျိုးနှင့် ပအိုဝ်းလူမျိုးများအကြား ပဋိပက္ခဖြစ်ပွားအောင် စစ်ကောင်စီနှင့် အပေါင်းအပါများမှ သွေးခွဲလှုံ့ဆော်သည့် ဝါဒဖြန့် လုပ်ကြံပြောဆိုမှုများကို ပြည်သူများ နားမယောင်ကြရန် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA က သတိပေး ထုတ်ပြန်သည်။
ဆိုရှယ်မီဒီယာ၊ တစ်တော့များပေါ်တွင် လက်ရှိရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် အပေါင်းအပါများက ပအိုဝ်းလူမျိုးနှင့် ဓနုလူမျိုးကြား အထင်လွဲမှားပြီး လူမျိုးရေးပဋိပက္ခ ဖြစ်စေရန် ရေးသားပုံဖော်လာသဖြင့် ယခုကဲ့သို့ သတိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း DSNDA က ပြောသည်။
ဓနုဒေသအတွင်းတွင် ပအိုဝ်းနှင့်ဓနုသည် နှစ်ပေါင်းများစွာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး ဆိုးတူကောင်းဖက် စည်းလုံးညီညွတ်စွာ နေထိုင်လာခဲ့ကြသည့် လူမျိုးများဖြစ်သဖြင့် စစ်ကောင်စီက လုပ်ကြံဝါဒဖြင့်နေသည်ကို နားမယောင်ကြရန်လည်း DSNDA က ဆိုသည်။
ထို့ကြောင့် ယခုလက်ရှိဖြစ်ပေါ်နေသော စစ်ကောင်စီ၏ ဗျူဟာတစ်ခုဖြစ်သည့် လူမျိုးရေးသွေးခွဲနေမှုကို နှစ်ဖက် လူမျိုးစုများ နားမယောင်ကြရန်နှင့် အွန်လိုင်းများပေါ်၌ စစ်ကောင်စီ၏ သွေးခွဲလုပ်ရပ်များကို အားပေး လုပ်ဆောင်နေကြသည့် မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ၍ လိုအပ်လျင် ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA က ပြောသည်။
“အခုက လိုင်းပေါ်မှာ တချို့ အစွန်းရောက်တွေက ပုံတွေ ဗီဒီယိုတွေနဲ့ တိုက်ခိုက်နေကြတာ အဲလိုစပြီးတိုက်ခိုက်တဲ့ အကောင့်တွေ လိုက်ကြည့်ရင်လည်း စစ်ကောင်စီက ဖြန့်ထားတဲ့ အကောင့်တုတွေက များတယ်။ ဒါကြောင့် ပြည်သူတွေ နားမယောင်ကြဖို့ ပြောချင်ပါတယ်”ဟု ဓနု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် အပေါင်းအပါများသည် ပအိုဝ်းလူမျိုးနှင့် ကရင်နီပြည်ရှိ လူမျိုးစုများကိုသော်လည်းကောင်း၊ ပအိုဝ်းလူမျိုးနှင့် အင်းလေးဒေသရှိ အင်းတိုင်းရင်းသားများကိုသော်လည်းကောင်း စဉ်ဆက်မပြတ် လူမျိုးရေးပဋိပက္ခဖြစ်စေရန် အွန်လိုင်းပေါ်တွင် သွေးထိုးလုပ်ဆောင်လျှက်ရှိသည်။
#MeKongNews
#ဓနု
#ပအိုဝ်း
#ပဋိပက္ခ
#စစ်ကောင်စီ








