မဲခေါင်၊ ဇွန် ၁၆
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ် မိုးဗြဲ၊ဖယ်ခုံမြို့နယ်များတွင် ပြီးခဲ့သည့် ဇွန် ၁၃ ရက်၊ နံနက်ပိုင်းက မိုးဗြဲမြို့မှ အနောက်ဘက်ကို ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို လွယ်ယင်းရွာ အရောက်၌ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက် ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သေဆုံးသူများတွင် စစ်မှုထမ်း တပ်သားများနှင့် PNO ပြည်သူ့စစ်များ အများဆုံး ပါဝင်နေပြီး၊ အထိနာသွားသည့် စစ်ကောင်စီတပ်သည် မိုးဗြဲမြို့တွင်းသို့ ပြန်လည် ဆုတ်ခွာသွားသည်ဟု ဆိုသည်။
အထိနာသွားသည့် စစ်ကောင်စီတပ်က မြို့ပြင်တဝိုက်ကို လက်နက်ကြီးများ ဒရုန်းများနှင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေသလို ပင်လောင်းမြို့နယ်ဘက်မှ ဖယ်ခုံမြို့နယ်ထဲကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။
အခြား မြေပြင်သတင်းများအရ စစ်ကောင်စီက ဖောင်းတော ကျေးရွာကို ဒရုန်းဖြင့် ဗုံးသီးကြဲချသဖြင့် ပြည်သူတစ်ဦးထိခိုက် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
မိုးဗြဲနှင့် မိုးဗြဲအနောက်ဖက်ခြမ်း၊ ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စစ်ကောင်စီနှင့် PNO များ ကောင်ဝှက်ရွာကို မဝင်ဘဲ ရပ်တန့်နေကာ ဖယ်ခုံနယ်တစ်နေရာသို့ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးက ယမန်နေ့ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီ ၁၈ မိနစ် တွင်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရပြီး အထိအခိုက် တစ်စုံတစ်ရာ မသိရသေးဟု ဆိုသည်။
#MeKongNews
#ဖယ်ခုံ
#တိုက်ပွဲ
#ပြင်းထန်
#မိုးဗြဲ








