မဲခေါင်၊ ဇွန် ၁၆
အမေရိကန်လေတပ်မှ B-52 Stratofortress ဗုံးကြဲလေယာဉ်တစ်စီးသည် ယမန်နေ့က ကယ်လီဖိုးနီးယားတောင်ပိုင်း မိုဂျာဗီသဲကန္တရ၊ အက်ဒဝပ်လေတပ်စခန်းမှ ပျံတက်စဉ် ပျက်ကျပြီး မီးလောင်ကျွမ်းကာ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ ၈ ဦး စလုံး သေဆုံးခဲ့ကြောင်း လေတပ်အရာရှိများက ပြောကြားကြသည်။
နျူကလီးယားနှင့် သမားရိုးကျဗုံးများကိုပါ သယ်ဆောင်နိုင်သော အင်ဂျင် ၈ လုံးပါ ဂျက်စွမ်းအားသုံး ဗုံးကြဲလေယာဉ်သည် ပုံမှန် စမ်းသပ်ပျံသန်းသည့် မစ်ရှင်အတွင်း လေတပ်စခန်းမှထွက်ခွာ၍ မြေပြင်မှအတက်တွင် ပြေးလမ်းပေါ် ပျက်ကျခဲ့သည်ဟု လေတပ်ဗိုလ်မှူးကြီး ဂျိမ်းစ်ဟေရက်စ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
မတော်တဆမှု ဖြစ်ဖြစ်ပြီးချင်းတွင် လေယာဉ်ပျက်ကျရာနေရာမှ မီးခိုးလုံးကြီးများ တက်လာသည်ကို မိုင်နှင့်ချီသော အကွာအဝေးမှ လှမ်းမြင်ရကြောင်း သိရသည်။
လေယာဉ်ပေါ်၌ အစိုးရအရာရှိအရပ်သားများ၊ အစိုးရကန်ထရိုက်တာများ၊ ယူနီဖောင်းဝတ် စစ်သားများ လိုက်ပါခဲ့ကြောင်း ပြောခွင့်ရသူက ဆိုသည်။
၎င်းတို့၏ ဝန်ထမ်း ၂ ဦး လည်း သေဆုံးခဲ့ကြောင်း ၎င်းလေယာဉ်များကို ပုံစံထုတ်၊ တည်ဆောက်ခဲ့သည့် ဘိုးရင်းကုမ္ပဏီက ပြောသည်။
ယင်းခရီးစဉ်သည် ရေဒါခေတ်မီဆန်းသစ်ရေးအစီအစဉ်တစ်ခုအတွက် ပျံသန်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပျက်ကျရသည့်အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဗိုလ်မှူးကြီး ဟေးရက်စ်က ပြောကြားသည်။
မိုဂျာဗီသဲကန္တာရ မှ ရေခန်းခြောက်နေသော ရေကန်တစ်ခု၏ ကြမ်းပြင်ပေါ်တွင် ၁၉၃၀ ခန့်က တည်ဆောက်ခဲ့ပြီး စတုရန်းမိုင်ပေါင်း ၄၈၁ မိုင် ကျယ်ဝန်းသော စမ်းသပ်ပျံသန်းမှုများ လုပ်ဆောင်သည့် အက်ဒဝပ်လေတပ်စခန်းသည် အမေရိကန်လေတပ်တွင် အကြီးမားဆုံး လေယာဉ်ကွင်းဖြစ်ကြောင်း သိရသည်။
အသံထက်မမြန်သော်လည်း တာဝေးပျံသန်းနိုင်သော B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးများသည် လက်နက်နှင့် ထောက်ပံ့ရေးပစ္စည်း တန် ၃၀ ကျော် တင်ဆောင်နိုင်ပြီး အမေရိကန်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တပ်ဖွဲ့တွင် အမာခံများအဖြစ် ကြာရှည်စွာ ရပ်တည်ခဲ့သည်။
အေးကျော််
Ref:Reuters
#MeKongNews
#အမေရိကန်
#B-52
#ဗုံးကြဲလေယာဉ်
#ပျက်ကျမီးလောင်








