မဲခေါင်၊ ဇွန် ၁၄
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ ညနေပိုင်းက ဘေးတွဲဆိုင်ကယ်ကို ကားဝင်တိုက်သဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံးသွားပြီး တိုက်ပြီး မောင်းနှင်ထွက်ပြေးသည့် ယာဉ်မောင်းကို နာရီပိုင်းအတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၁၃ ရက်၊ ညနေပိုင်းက တာချီလိတ်မြို့၊ အားကစားရုံသွား မီးပွိုင့်ဘက်မှ ပုံလို့လမ်းဆုံမီးပွိုင့်ဘက်သို့ စိုင်းအခုန်းဆိုသူ မောင်းနှင်လာသည့် ford Ranger ယာဥ်သည် တစ်လမ်းထဲလားရာတူ ရှေ့မှ မောင်းနှင်နေသည့် ဘေးတွဲဆိုင်ကယ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အောင်နိုင်ဝင်းဆိုသူတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်ကို တိုက်မိပြီးနောက် ကားသမားစိုင်းအခုန်းမှာ ယာဉ်နှင့်အတူ ထွက်ပြေးသွားခဲ့သဖြင့် လမ်းကြောင်းတစ်လျှောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ယင်းယာဉ်အား တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၃) လမ်းရှိ နေအိမ်တစ်အိမ်တွင် ယာဉ်မောင်းနှင်သူနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း စိုင်းအခုန်းအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ဘေးတွဲဆိုင်ကယ်
#ဆိုင်ကယ်သမား
#သေဆုံး








