မဲခေါင်၊ ဇွန် ၁၁
ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ မတ်ကျန်း ပြည်သူ့စစ်နယ်မြေ၊ ပန်လင်းဆိုင်တွင် KBZ ဘဏ်ခွဲတစ်ခု ယမန်နေ့ ဇွန် ၁၀ ရက်က ဖွင့်လှစ်ကြောင်း သိရသည်။
မတ်ကျန်းပြည်သူ့စစ်မှာ MTA (Mong Tai Army ) ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ လက်နက်ချပြီးနောက် အသွင်ပြောင်း၍ ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
MTA ကို ၁၉၈၅ ခုနှစ်တွင် ဘိန်းဘုရင်ဟု ကမ္ဘာကသိကြသည့် ခွန်ဆာက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ခွန်ဆာ လက်နက်ချပြီးနောက် လက်ကျန်အချို့က မတ်ကျန်း ပြည်သူ့စစ်အဖြစ် နမ့်စန်မြို့ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာ ပန်လင်းဆိုင်ကို အခြေပြု၍ ဖွဲ့စည်း လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
“နမ့်စန်မှာ KBZ က ရှိပြီးသား၊ အခု ၇ မိုင်လောက်ပဲဝေးတဲ့ ပန်လင်းဆိုင်မှာ ထပ်ဖွင့်တာ ထူးခြားတယ်။ အင်းပေါ့လေ လောင်းကစားဝိုင်းကြီးတွေ အမြဲရှိပြီး မူးယစ်ဆေးဝါးနဲ့ ငွေပေါတဲ့နေရာဆိုတော့ ငွေခဝါချဖို့ အလွယ်ဆုံး လုပ်ပေးတာ နေမှာပေါ့။ အနီးဆုံး မိုးနဲတောင် KBZ မရှိဘူး”ဟု မိုးနဲ ဒေသခံ တစ်ဦးက ပြောသည်။
ယင်းပန်လင်းဆိုင်ဒေသသည် နမ့်စန် – မိုးနဲလမ်း နမ့်စန်ဘက်အထွက် လမ်းဆုံမှ မိုင်းစိတ်ဘက်သွားလမ်း ၇ မိုင်အကွာအဝေးတွင် တည်ရှိကြောင်း သိရသည်။
ယင်းနယ်မြေအတွင်း နားရိုင်းပြည်သူ့စစ်အဖွဲ့လည်း ဖွဲ့စည်း လှုပ်ရှားနေကြောင်းသိရသည်။
ယင်းပြည်သူ့စစ်အဖွဲ့ နယ်မြေများသည် စစ်ကောင်စီ၏ ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စိုးမိုးနယ်မြေများဖြစ်သည်။
#MeKongNews
#နမ့်စန်
#မတ်ကျန်း
#ပြည်သူ့စစ်နယ်မြေ
#KBZ








