မဲခေါင်၊ ဇွန် ၆
ရှမ်းပြည်၊ တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း ဖဲလောင်းကစားပြုလုပ်နေသူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဖဲကစားနေသူ ၁၀ ဦးနှင့် အနီးတွင် ရပ်ကြည့်နေသူ ၅ ဦး စုစုပေါင်း ၁၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးမှုကို ဇွန် ၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖဲလောင်းကစားရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လောင်းကြေးငွေ ကျပ် ၁၂ သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
“အဲဒီနေရာမှာ လူတွေစုဝေးပြီး ဖဲကစားတာကို ရပ်ကွက်ထဲက လူတော်တော်များများ သိနေကြတယ်။ နေ့စဉ်လိုလို လူဝင်လူထွက်ရှိပြီး ညပိုင်းတွေမှာလည်း အသံဆူညံတာတွေ ရှိတာကြောင့် သက်ဆိုင်ရာကို တိုင်ကြားတာတွေ ရှိခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူ ၁၅ ဦးအား တောင်ကြီးနယ်မြေရဲစခန်း၌ လောင်းကစားမှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မေ ၁၉ ရက်ကလည်း တောင်ကြီး၊ အေးသာယာမြို့ ရပ်ကွက် (၇)၊ နယ်မြေ (၂) အတွင်းရှိ နေအိမ်တစ်လုံး၌ ဖဲကစားနေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ရာ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် ၄ ဦး ဖမ်းဆီးခံခဲ့ရသေးကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#ဖဲကစားနေသူ
#ရပ်ကြည့်နေသူ
#ဖမ်းဆီး








