မဲခေါင်၊ မေ ၂၅
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံ – တာချီလိတ်ပြည်ထောင်စု ကားလမ်းပေါ်၊ ၊ ကျိုင်းတုံဘက်မိုင်းဖြတ်အကျော် တာကျောက်ရွာ ဖာစကိုင်းကြားက ရေကျတွင် ရပ်နားထားသည့် ကားတစ်စီးအပေါ် ကျောက်တုံးပြိုကျသဖြင့် ယာဥ်မောင်း သေဆုံးပြီး ယာဥ်အကူ ခြေထောက်ကျိုးသွားကြောင်း သိရသည်။
ယမန်နေ့ မေလ ၂၄ ရက်၊ ညနေ ပိုင်းက မိုင်းဖြတ် – ကျိုင်းတုံလမ်း တာကျောက်ရွာအနီးတွင် ကားရပ်နား ရေဆေးနေသော ကားသမားနှင့် စပယ်ယာအပေါ် ကျောက်တုံး ပြုတ်ကျလာရာ ကားသမားသေဆုံးပြီး စပယ်ယာ ခြေကျိုးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
“ကားဆရာတွေက ကားရပ်ပြီး ရေဖြည့်နားနေချိန် ကျောက်တောင်ပေါ်က ကျောက်တုံးက မိုးရွာထားတော့ မြေပြိုပြီးပြုတ်ကျလာရော၊ ကားဒရိုင်ဘာ အတွင်းဒဏ်ရာရ၊ ကားစပယ်ယာ ခြေထောက်ကျိုးဒဏ်ရာ ရကြတယ်။ မိုင်းဖြတ်ဆေးရုံကို သယ်ယူသွားချိန်မှာဘဲ ကားဒရိုင်ဘာ လမ်းမှာ သေဆုံးခဲ့ရတယ်” ဟု ဖြစ်စဥ်တွင် ကူညီခဲ့သူ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းကပင် ယင်းနေရာ၌ ကျောက်တုံးကျောက်ခဲ မကြာခဏ ပြိုကျတတ်သဖြင့် ကားပျက်တာကလွဲရင် မနားစေချင်ကြောင်း၊ ဆွတ်ယွဲ၊ ယန်းခ၊ ပန်ကွဲ ရေပေါသည့် အခြားနေရာများ၌ အန္တရာယ်ကင်းစွာ အနားယူစေချင်ကြောင်း အကြံပြုသည်။
လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်ကျော်က Van ကားမောင်းသမားတစ်ဦး ကားပေါ်မှ လမ်းဆင်းအကြည့် ကျောက်ပြားမှန်ပြီး ထိမှန်သေဆုံးခဲ့ဘူးကြောင်း ၎င်းထံမှ သိရသည်။
မိုးရာသီအတွင်း တောင်ပေါ်ကားလမ်းများမှာ လမ်းဘေးမြေသားများ ခိုင်မာမှုနည်း၍ မြေပြိုကျခြင်း၊ ကျောက်တုံးကျောက်ခဲများ ပြိုကျခြင်း၊ သစ်ပင်များလဲကျခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ခရီးသွားကားများ အထူးသတိထားရန် လိုအပ်ကြောင်း သိရသည်။
#MeKongNews
#မိုင်းဖြတ်လမ်း
#လမ်းဘေးကျောက်တုံး
#ယာဥ်မောင်း.
#သေဆုံး








