မဲခေါင်၊ မေ ၆
မော်လ်တာနိုင်ငံအလံ လွှင့်ထူထားသော ၎င်းတို့၏ သင်္ဘောတစ်စီးဖြစ်သည့် San Antonio သည် ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် တိုက်ခိုက်ခံခဲ့ရပြီး ၎င်းတိုက်ခိုက်မှုကြောင့် သင်္ဘောသားများဒဏ်ရာရရှိခဲ့ကာ ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ပြင်သစ်သင်္ဘောလုပ်ငန်း CMA CGM က ယနေ့ ထုတ်ဖော် ပြောကြားသည်။
အခြေအနေကို ကုမ္ပဏီက အနီးကပ် စောင့်ကြည့်နေပြီး သင်္ဘောအဖွဲ့သားများနှင့်အတူ အပြည့်အဝ ဆက်သွယ်မှုရှိကြောင်း CMA CGM က ထုတ်ပြန်ပြောကြားသည်။
ဒဏ်ရာရရှိခဲ့သော သင်္ဘောသားများကို ဘေးလွတ်ရာ ကယ်ထုတ်ထားပြီးဖြစ်ကာ ဆေးကုသမှု ပေးနေကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟောမုဇ်ရေလက်ကြားဖြတ် သင်္ဘောများကို အမေရိကန်ရေတပ်က လိုက်ပါစောင့်ရှောက်မည့် “Project Freedom” ကို ဆိုင်းငံ့ကြောင်း မကြေညာမီ တိုက်ခိုက်ခံခဲ့ရသော သင်္ဘောသည် ယူအေအီးနိုင်ငံ ခါလီဖာဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ မွန်ဒရာဆိပ်ကမ်းသို့ ဦးတည်နေခဲ့ပြီး အချက်ပြစနစ်ကို ပိတ်ကာ အမေရိကန်မှ ညွှန်ပြထားသော လမ်းကြောင်းအတိုင်း ခုတ်မောင်းနေစဉ် အီရန်ဒုံးကျည် ထိမှန်ခဲ့ကြောင်း သိရသည်။
ဟောမုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘောတစ်စီးကို လေထဲမှ ဝဲပျံလာသော အရာဝတ္တုတစ်ခု ထိမှန်ခဲ့ကြောင်း ဗြိတိန် ကုန်ကုန်သွယ်ရေကြောင်းလုပ်ငန်း – UKMTO ကလည်း အစောပိုင်းတွင် ပြောကြားခဲ့သည်။
ကုန်တင်သင်္ဘောတစ်စီးကို အမျိုးအမည်မသိ အရာဝတ္တုတစ်ခု ထိမှန်ခဲ့ကြောင်းကို စိစစ်ထားသော သတင်းရင်းမြစ်တစ်ခုက သတင်းပေးပို့ခဲ့ကြောင်း နှင့် လောလောဆယ်တွင် ပတ်ဝန်းကျင်ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း UKMTO ကပြောကြားပြီး ဟောမုဇ်ရေလက်ကြားဖြတ် သင်္ဘောများအနေဖြင့် မသင်္ကာသော လှုပ်ရှားမှုများကို ဆက်လက် သတင်းပို့ကြရန်လည်း ဗြိတိန် ကုန်ကုန်သွယ်ရေကြောင်းလုပ်ငန်းက ဆက်ပြောသည်။
အေးကျော်
Ref:breakingthenew
#MeKongNews
#ဟောမုဇ်ရေလက်ကြား
#သင်္ဘော
#တိုက်ခိုက်ခံရမှု
#ပြင်သစ်ကုမ္ပဏီ








