မဲခေါင်၊ ဧပြီ ၂၅
အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်စတင်ရန် အဆိုပြုချက်များကို ဆွေးနွေးရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ သည် ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့သို့ရောက်ရှိလာခဲ့သည်။
တစ်ဖက်တွင်လည်း အာရက်ချီက အမေရိကန် ညှိနှိုင်းသူများနှင့် တွေ့ဆုံမည်လားဆိုခြင်းအပေါ် အီရန်ဘက်က အမျိုးမျိုးပြောဆိုနေသည်။
အာရက်ချီသည် အစ္စလာမာဘတ်မြို့တွင် အမေရိကန်ညှိနှိုင်းသူများနှင့် တွေ့မည် မဟုတ်ကြောင်း ပါကစ္စတန် သတင်းရင်းမြစ်များက ပြောကြားနေချိန်တွင် အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဗ် နှင့် ဂျာရက်ကုရှ်နာတို့သည် အာရက်ချီနှင့်ဆွေးနွေးရန် ပါကစ္စတန်သို့ သွားရောက်ကြမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ကယ်ရိုလင်းလီဗစ်က ပြောသည်။
အီရန်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာကြောင်းကို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုခဲ့ပြီး အာရက်ချီသည် ပါကစ္စတန်အရာရှိများနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ဆွေးနွေးလိမ့်မည်ဟု ပြောကြားသည်။
အစ္စလာမာဘတ် ဆွေးနွေးပွဲများ အောင်မြင်ခဲ့ပါက စစ်ပွဲအဆုံးသတ်ရေး ယခုလစောစောပိုင်းက ကျင်းပခဲ့သော ပထမအကျော့ ဆွေးနွေးပွဲများကို အမေရိကန်ဘက်က ဦးဆောင်ခဲ့သူ ဒုတိယသမ္မတ ဂျေဒီဗန့်စ်လည်း ပါကစ္စတန်သို့ သွားရောက်ရန် အသင့်ရှိသည်ဟု အိမ်ဖြူတော် ပြောခွင့်ရသူ ကယ်ရိုလင်းလီဗစ်က ပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီကမူ အိမ်နီးချင်းနိုင်ငံများနှင့် အပြန်အလှန်ကိစ္စရပ်များ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးရန် ပါကစ္စတန်၊ အိုမန် နှင့် ရုရှားနိုင်ငံသို့ လည်ပတ်နေခြင်းဖြစ်ကြောင်း X လူမှုကွန်ရက်ပေါ်တွင် ပြောကြားသည်။
အိမ်နီးချင်းများမှာ အီရန်၏ ဦးစားပေးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အာရက်ချီ၏ ခရီးစဉ်သည် တိုတောင်းမည်ဖြစ်ကာ အမေရိကန်နှင့် ဆွေးနွေးပွဲအတွက် အီရန်၏ အဆိုပြုချက်များအပေါ် အာရုံစိုက်သွားမည်ဖြစ်ပြီး ထို့နောက် ၎င်းအဆိုပြုချက်များကို ပါကစ္စတန်က အမေရိကန်ထံသို့ ဆက်လက် ပေးပို့သွားမည်ဟု ဆွေးနွေးမှုအကြောင်း သိရှိထားသည့် ပါကစ္စတန်အစိုးရ သတင်းရင်းမြစ် ၂ ဦးက ပြောကြားသည်။
အမေရိကန်နှင့် ကောင်းမွန်သော သဘောတူညီချက်ရယူရန် အီရန်အတွက် အခွင့်အရေး ရလာခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်က သောကြာနေ့တွင် သတင်းသမားများနှင့် တွေ့ဆုံချိန်၌ ပြောကြားသည်။
အေးကျော်
Ref: FRANCE 24
#MeKongNews
#အမေရိကန်
#အပစ်ရပ်ရေးဆွေးနွေးပွဲ
#အီရန်နိုင်ငံခြားရေးဝန်ကြီး
#ပါကစ္စတန်








